ပုလောမှာ ပျူစောထီးနှစ်ဦးသေဆုံးပြီးသေနတ်နှစ်လက်နဲ့ လက်ပစ်ဗုံးတလုံး သိမ်းဆည်းရမိ

ဇွန်၊ ၂၇

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအုပ်စုထဲက ပျူစောထီးတွေဆီကနေ ဇွန်လ ၂၄ ရက်မှာသေနတ်နှစ်လက်နဲ့ လက်ပစ်ဗုံးတလုံး သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိတဲ့ နှစ်ဦးကိုလည်း ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ပုလောစစ်ကြောင်း ၁ က သတင်းထုတ်ပြန်ပါတယ်။

ကျောက်လုံးကြီးကျေးရွာအုပ်စု၊ သရက်တပင်ကျေးရွာက ပျူစောထီး ဒုခေါင်းဆောင်ဖြစ်သူနဲ့ ညောင်ရှင်ကုန်းရွာက ပျူစောထီးအဖွဲ့ဝင်တဦးကို အဲဒီနေ့ ညနေ သုံးနာရီခွဲလောက်မှာ အရင် သွားရောက်ဖမ်းဆိီးခဲ့ပြီး အသက် ၅၁ နှစ်ရှိ ပျူစောထီး ဒုခေါင်းဆောင် အမျိုးသား ထံကနေ လက်ပစ်ဗုံးတလုံး သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ကပ်လျက် ကျောက်တောင်ရွာက ပျူစောထီးခေါင်းဆောင်ဆိုသူ ကိုတုတ်တုတ်ကို နေအိမ်မှာ သွားရောက်ဖမ်းဆီးရာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

“သတင်းကြိုရလို့ ဖြစ်မယ် ။ကျနော်တို့ ရောက်တာနဲ့ ထွက်ပြေးသွားတယ်။ ပစ်ခတ်မှုတော့ မဖြစ်ဘူး၊ သူ့အိမ်မှာတော့ မိုင်းတလုံးခွဲခဲ့တယ်၊ ကျနော်တို့က သတင်းအတိအကျရထားလို့ သွားဖမ်းတာ၊ ဖမ်းမိတဲ့နှစ်ယောက်ကိုလည်း သူတို့အိမ်တွေမှာပဲ သွားဖမ်းတာ” လို့ ပုလောစစ်ကြောင်း ၁ ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။

ပျူစောထီးခေါင်းဆောင်ဆိုသူရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာတော့ AK 47 သေနတ်နှစ်လက်၊ ကျည်အိမ်လေးခု၊ ကျည်ဆန် ၁၃၀ ကျော်နဲ့ ပြည်သူ့စစ် လက်မောင်းတံဆိပ်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ နှစ်ဦးကိုတော့ ပျူစောထီးအဖွဲ့ဝင်တွေဆိုတာ သေချာလို့ အဲဒီနေ့ ညနေပိုင်းမှာပဲ ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့လည်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်ကလည်း တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ရေငန်းချိုင်ကျေးရွာမှာ ပျူစောထီးအဖွဲ့ဝင်တွေ တိုက်ခိုက်ခံခဲ့ရပြီး ခေါင်းဆောင်ဆိုသူ အပါအဝင် သုံးဦးသေဆုံးခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်လုပ်ပြောင်းရှည်သေနတ် ရှစ်လက်၊ ပစ္စတိုသေနတ် နှစ်လက်နဲ့ WY စိတ်ကြွမူးယစ်ဆေးဝါးတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။