ဇွန်၊၂၇
ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ မနေ့က ပြုလုပ်ခဲ့တဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနား တက်ရောက်ခဲ့ရတဲ့ ကျောင်းသား/ကျောင်းသူ ကလေးငယ်တွေ အစုအပြုံလိုက် မူးလဲကြလို့ ဆေးကုသမှု ပေးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းလူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
” မနက် ရှစ်နာရီကတည်းက ကလေးတွေကို လူစုပြီး အဲ့ဒီကွင်းထဲ ခေါ်သွားတာ၊ တချို့က မနက်စာ မစားရသေးတဲ့ သူတွေလည်း ပါတယ်၊ နေပူထဲ မတ်တပ်ရနေရတာ ကြာတာလည်း ဖြစ်မယ်၊ ဆေးတွေကို မီးရှို့တဲ့အချိန်ကျ မီးခိုးမွှန်ပြီး သတိလစ်ကြတာ၊ အတော်များတယ်၊ ကျွန်မ ကလေးဆို ဆေးရုံပါတင်လိုက်ရတယ်၊ အခုတော့ သက်သာနေပါပြီ ” လို့ ကျောင်းသားမိဘတဦးက DNA ကိုပြောပါတယ်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ဖြစ်တဲ့ မနေ့က နှစ်စဉ်လုပ်နေကျအတိုင်း ဌာနဆိုင်ရာတွေက ဖမ်းမိထားတယ်လို့ဆိုတဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကို နိုင်ငံတဝန်းမှာ ပြုလုပ်ခဲ့ကြသလို တောင်ကြီးမြို့မှာတော့ အဝေရာမီးပုံပျံကွင်းမှာ လုပ်ခဲ့တာပါ။
အဲ့ဒီအခမ်းအနားကို တက်ရောက်ဖို့ စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန ညွှန်ကြားချက်အရ တောင်ကြီးမြို့ အ ထ က(၂)က အလယ်တန်းကျောင်းသားတွေ တက်ရောက်ခဲ့ကြရတာဖြစ်တယ်လို့ သိရပါတယ်။
ကျောင်းသားတွေဟာ မနက်အစောပိုင်းကတည်းက ကျောင်းမှာလူစုကာ နံနက် ကိုးနာရီအရောက် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းကို သွားခဲ့ကြရပေမယ့် ကျောင်းသားတွေအတွက် အစားအသောက်နဲ့ ရေ မစီစဉ်ပေးတာ၊ ပွဲကျင်းပချိန်နောက်ကျတာတွေ ရှိခဲ့တယ်လို့ တောင်ကြီးမြို့ခံတွေက ပြောပါတယ်။
အဲ့ဒီအခမ်းအနား တက်ရောက်ခဲ့တဲ့ ကျောင်းသူ/ကျောင်းသားတွေထဲက သုံးဆယ်ဝန်းကျင်လောက် မူးလဲခဲ့ကြတာဖြစ်ပြီး ဆယ်ဦးကျော်ကိုတော့ ဆေးရုံတင်ပို့ ကုသပေးရတဲ့အထိ အခြေအနေဆိုးခဲ့တယ်လို့ ရှမ်းပြည်နယ်အခြေစိုက် Shan News သတင်းဌာနက ဖော်ပြထားပါတယ်။
ဒီလို ကျောင်းသားလူငယ်တွေ မူးလဲခဲ့ကြတာနဲ့ပတ်သက်လို့ ကျောင်းသားတွေဟာ ထမင်းမစားခဲ့ကြတာ၊ နေပူထဲမှာ အချိန်ကြာကြာ နေခဲ့ရတာတွေကြောင့် မူးလဲခဲ့ကြတာလို့ ကြက်ခြေနီတပ်ဖွဲ့တာဝန်ရှိသူက ပြောပေမယ့် ဒေသခံတွေကတော့ မီးရှို့လိုက်တဲ့ မူးယစ်ဆေး တွေဆီက ထွက်လာတဲ့ အနံ့ဆိုးတွေကြောင့် အခုလိုဖြစ်တာလို့ ယူဆကြကြောင်း Shan News သတင်းဌာနက ဖော်ပြပါတယ်။
မနေ့က မူးလဲခဲ့တဲ့ ကျောင်းသား/ကျောင်းသူတွေဟာ ဒီကနေ့မှာတော့ ကျန်းမာရေးပြန်လည်ကောင်းမွန်နေကြပြီလို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
ဓာတ်ပုံ – ကြက်ခြေနီတပ်ဖွဲ့