ကိုရိုနာဗိုင်းရပ်စ်ဟာ ဓာတ်ခွဲခန်းက အစပြုခဲ့တာ မဖြစ်နိုင်ဘူးလို့ အမေရိကန် ထောက်လှမ်းရေးဆို

ဇွန် ၊ ၂၄

ကိုဗစ် ကပ်ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ် ဓာတ်ခွဲခန်း တခုထဲမှာ စတင် ဖန်တီးယူခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့မရကြောင်း အမေရိကန် ထောက်လှမ်းရေးက အတည်ပြုခဲ့ပါတယ်။

 အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး (ODNI)က ထုတ်ပြန်လိုက်တဲ့ မှတ်တမ်း အသစ်တွေအရ တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဝူဟန်မြို့က ဓာတ်ခွဲခန်း တခုမှာ အဲဒီ ကိုရိုနာ ဗိုင်းရပ်စ်ကို ပညာရှင် ၃ ဦးက ဖန်တီးခဲ့တယ်ဆိုတဲ့ လတ်တလော ကောလာဟလတွေကို ခိုင်မာစေတဲ့ ဘာအထောက်အထားမှ မရှိကြောင်း ဖော်ပြထားပါတယ်။

 ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 အမျိုးအစား ကိုရိုနာဗိုင်းရပ်စ်ဟာ ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်က ဝူဟန်မြို့၊ သားစိမ်းငါးစိမ်းနဲ့ ပင်လယ်စာ စျေးတန်းတခုကနေ စတင် ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဗိုင်းရပ်စ်ဟာ သဘာဝအတိုင်း ဖြစ်ပေါ်လာတာ မဟုတ်ဘဲ လူတွေ ဖန်တီးထားရာကနေ ဓာတ်ခွဲခန်းကနေ မတော်တဆ ပျံ့နှံ့လာတာဆိုတဲ့ ထင်ကြေးတွေ စတင် ပျံ့နှံ့လာပါတယ်။

 အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် လက်ထက်မှာ အဲဒီ ထင်ကြေး သီအိုရီကို ပိုပြီး အားပေးအားမြှောက် လုပ်လာခဲ့သလို တရုတ်ဖက်ကလည်း ဓာတ်ခွဲခန်းကနေ ဗိုင်းရပ်စ် စပျံ့တယ်ဆိုတဲ့ အပြောအဆိုတွေအပေါ် ခါးခါးသီးသီး ငြင်းဆန်နေခဲ့ပါတယ်။

 အခုအခါ ODNIက ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ဗိုင်းရပ်စ်ဟာ ဓာတ်ခွဲခန်းမှာ ဖန်တီးထားတယ်ဆိုတဲ့ အထောက်အထားမျိုး အမေရိကန်က လုံးဝ ရရှိမထားဘူးလို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

 ဒါပေမဲ့ အမေရိကန်ရဲ့ တခြား ထောက်လှမ်းရေး​ အေဂျင်စီတွေမှာတော့ ဗိုင်းရပ်စ်ရဲ့ မူလ အစနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲတာ၊ ဒွိဟဖြစ်တာတွေ ရှိနိုင်သေးတယ်လို့ ODNIက မှတ်ချက်ပေးခဲ့ပါတယ်။

 တရုတ်ရဲ့ ပြည်သူ့လွတ်မြောက်ရေးတပ် (PLA)ဟာ ကူးစက်ရောဂါ ပညာရှင်တွေ၊ ကာကွယ်ရေး ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဝူဟန် ဓာတ်ခွဲခန်းမှာ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစား တချို့ကို လေ့လာခဲ့တာ မှန်ပေမယ့် Sars-Cov-2 ရဲ့ မူလဖွဲ့စည်းပုံ အဆင့်ထိ ရောက်နိုင်ဖို့တော့ အလှမ်းကွာဝေးလွန်းတယ်လို့လည်း သိရပါတယ်။