ဇွန် ၊ ၂၄
ကြေးစားတပ်ဖွဲ့ Wagnerက လက်နက်ကိုင် ပုန်ကန်ဖို့ ကြိုးစားနေတယ်လို့ ရုရှားက တင်းတင်းမာမာ စွပ်စွဲခဲ့သလို ပြည်တွင်းမှာလည်း လုံခြုံရေး အစီအမံတွေကို တင်းကျပ်ထားလိုက်ပါတယ်။
Wagnerကို ထူထောင်သူ ယက်ဗ်ဂျီနီ ပရီဂေါ့ဇင်ဟာ ရုရှား သမ္မတ ဗိုလိုဒီမာ ပူတင်ရဲ့ မဟာမိတ် တဦး ဖြစ်သလို Wagner အဖွဲ့သားတွေကလည်း ယူကရိန်း ပြည်တွင်းစစ်မှာ ပါဝင် တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်း အရှေ့ပိုင်းက ဘက်ခ်မတ်မြို့ကို သိမ်းယူတဲ့ တိုက်ပွဲမှာလည်း ရုရှားစစ်တပ်ထက် Wagnerတွေက ထူးထူးကဲကဲ အစွမ်းပြခဲ့တယ်လို့ ယူကရိန်းဖက်ကပါ အသိအမှတ်ပြု ဝန်ခံထားခဲ့ရပါတယ်။
ဒါပေမဲ့ အဲဒီ ဘက်ခ်မတ်မြို့သိမ်း တိုက်ပွဲမှာပဲ ရုရှားစစ်တပ်နဲ့ Wagnerတွေကြား အက်ကြောင်းတွေ ကြီးကြီးမားမား စတင် ပေါ်ပေါက်လာပါတယ်။ ရုရှားစစ်တပ်ဟာ ကတိပြုထားတဲ့ လက်နက်ကြီး ကျည်ဆန်တွေ အချိန်မီ မပေးပို့တဲ့အတွက် သူ့တပ်ဖွဲ့ဝင်တွေ ဖြစ်သင့်တာထက် ၅ ဆလောက် အသေအပျောက် ပိုများခဲ့တယ်လို့ ပရီဂေါ့ဇင်က လူသိရှင်ကြား ဝေဖန်ခဲ့ပါတယ်။ နောက်ပြီး ရုရှားစစ်တပ်က ပေးထားတဲ့ ကတိအတိုင်း ခဲယမ်းမီးကျောက်တွေ မပို့ရင် သူ့တပ်ဖွဲ့တွေကို စစ်မြေပြင်ကနေ စွန့်ခွာခိုင်းမယ်လို့ပါ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။
သူဟာ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂူနဲ့ စစ်တပ် အကြီးအကဲ တချို့ကိုလည်း အတိအလင်း ဝေဖန်လေ့ ရှိပါတယ်။
အခုနောက်ဆုံး ပြဿနာကတော့ ရုရှားစစ်တပ်ဟာ Wagner တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တာလို့ ပရီဂေါ့ဇင်က စွပ်စွဲရာက အစပြုပါတယ်။ ရုရှားစစ်တပ် ထိပ်ပိုင်းက မကောင်းဆိုးရွားတွေကို ရပ်တန့်ဖို့ လိုကြောင်း၊ ဒုံးကျည် တိုက်ခိုက်မှုမှာ ကျဆုံးသွားတဲ့ အဖွဲ့ဝင်တွေအတွက် Wagnerဟာ တရားမျှတမှုကို တောင်းဆိုပြီး ချီတက်မှာဖြစ်ကြောင်း ပရီဂေါ့ဇင်က ပြောကြားခဲ့ပါတယ်။
ရုရှား စစ်တပ်ကတော့ Wagnerကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တယ် ဆိုတာကို ငြင်းဆိုပြီး ပရီဂေါ့ဇင် အနေနဲ့ တရားမဝင်တဲ့၊ ပုန်ကန်မှု သဘောမြောက်တဲ့ လုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့ သတိပေးထားပါတယ်။
ရုရှား သမ္မတ ပူတင်ဟာ လတ်တလော ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို နားလည်ထားပြီး လိုအပ်တဲ့ အစီအမံတွေကို သင့်တော်သလို တုံ့ပြန် လုပ်ဆောင်ဖို့ ညွှန်ကြားထားကြောင်း အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိက တဦးက ပြောကြားသွားပါတယ်။
ပရီဂေါ့ဇင်က အသံဖိုင်တခုကို Telegramမှာ တင်ပြီး ကြေညာထားရာမှာတေ့ Wagnerရဲ့ အခြေစိုက် စခန်းတခုကို ရုရှားက ရည်ရွယ်ချက်ရှိရှိ ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် သူ့လူတွေ တော်တော်များများ ထိခိုက် သေကြေခဲ့ကြောင်း ပြောပါတယ်။ ဒါပေမဲ့ ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး တိကျတဲ့ အထောက်အထားတော့ သူက ထုတ်မပြခဲ့ပါဘူး။
သူ့လူတွေကို သတ်ဖြတ်ခဲ့တဲ့အပြင် စစ်ပွဲမှာ ရုရှားစစ်သည် ထောင်ပေါင်းများစွာရဲ့ အသက်တွေကို အလဟဿ စတေးခဲ့တဲ့ ထိပ်ပိုင်း အရာရှိတွေကို မဖြစ်မနေ အပြစ်ပေးဖို့ လိုလာကြောင်း၊ သူတို့ချီတက်ရာ လမ်းတလျှောက်က ရုရှားတပ်တွေ အနေနဲ့ Wagnerကို မခုခံဖို့ မေတ္တာရပ်ခံလိုပြီး ခုခံသူတိုင်းကိုလည်း ရန်လိုခြိမ်းခြောက်တယ်လို့ သတ်မှတ်ပြီး ချေမှုန်းမှာဖြစ်ကြောင်း သူက သတိပေးထားပါတယ်။
ပရီဂေါ့ဇင်က Wagnerဟာ လက်နက်ကိုင်ပြီး အာဏာသိမ်းဖို့ ကြံစည်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ဒါက စစ်အာဏာသိမ်းမှု မဟုတ်သလို သမ္မတရဲ့ လုပ်ပိုင်ခွင့်၊ အစိုးရ၊ ရဲဌာနနဲ့ ရုရှား အစောင့်တပ်တွေ အားလုံး ပုံမှန် အခြေအနေတိုင်း ဆက်ရှိနေမှာ ဖြစ်ကြောင်း၊ Wagnerဟာ တရားမျှတမှုအတွက်ပဲ ချီတက်မှာဖြစ်ပြီး မဆိုင်သူတွေကို လုံးဝ ထိခိုက်နစ်နာစေမှာ မဟုတ်ကြောင်း သူက ဆိုပါတယ်။
ပရီဂေါ့ဇင် ကိုယ်တိုင် တခါက ချီးကျူးဖူးပြီး ယူကရိန်း အခြေစိုက် ရုရှားစစ်ဆင်ရေးတွေကို ကွပ်ကဲနေတဲ့ ဒုတိယ စစ်ဦးစီး အရာရှိ ဆာဂျီ ဆူရိုဗီကင်ကတော့ Wagner ခေါင်းဆောင် အနေနဲ့ အဓိပ္ပါယ် မရှိတာတွေ မလုပ်ဘဲ သူ့တပ်တွေနဲ့အတူ စစ်တန်းလျား ပြန်သင့်ကြောင်း သတိပေးခဲ့ပါတယ်။
ရုရှား အစိုးရ မီဒီယာတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံရဲ့ လုံခြုံရေးဌာန FSBက ပရီဂေါ့ဇင်အပေါ် ရာဇဝတ်ကြောင်းဆိုင်ရာ စွဲချက်တင်ဖို့ ပြင်ဆင်နေပြီး လက်နက်ကိုင် အုံကြွမှု စတင်စေတဲ့ လုပ်ရပ်အတွက် တရားစွဲဆိုသွားမယ်လို့ ပြောကြားထားပါတယ်။
နောက်ပြီး Wagner တပ်ဖွဲ့ဝင်တွေ အနေနဲ့ ပရီဂေါ့ဇင်ရဲ့ အမိန့်ကို မလိုက်နာဘဲ တော်လှန်ဖို့၊ သူ့ကို ဖမ်းဆီးရာမှာ ပူးပေါင်း ကူညီပေးဖို့လည်း FSBက စည်းရုံးနေပါတယ်။ အခြေအနေတွေ ရှုပ်ထွေးနေတဲ့နောက် မော်စကို အပါအဝင် ရုရှားရဲ့ အဓိက မြို့ကြီးတွေမှာ လုံခြုံရေး အစီအမံတွေကို ပိုမို တင်းကျပ်ထားလိုက်ကြောင်းလည်း သိရပါတယ်။