ယူကရိန်းအတွက် ဒုံးကျည် အသစ်တွေနဲ့ သံချပ်ကာယာဉ် အဟောင်းတွေ ထောက်ပံ့သွားမယ်လို့ ပြင်သစ်ကြေညာ

ဧပြီ၊ ၁

ယူကရိန်းအတွက် ဒုံးကျည်အသစ်တွေနဲ့ တပတ်ရစ် သံချပ်ကာယာဉ်တွေ ထောက်ပံ့ ပို့ဆောင်သွားမယ်လို့ ပြင်သစ်က အတည်ပြု ကြေညာခဲ့ပါတယ်။

ပြင်သစ် ကာကွယ်ရေးဝန်ကြီး ဆီဘက်ရှန် လီကော်နူက သမ္မတ အီမန်နျူရယ်လ် မာခရွန်ဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံတွန်းလှန်နေတဲ့ ယူကရိန်းအတွက် ကာကွယ်ရေး အထောက်အပံ့သစ်တွေ ပို့ဆောင်ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

အခု အစီအစဉ် အသစ်မှာတော့ ပြင်သစ်ဟာ ယူကရိန်းအတွက် မြေပြင်ကနေ ဝေဟင်ပစ်တဲ့ ဒုံးကျည် အသစ်တွေနဲ့ လက်ရှိ သုံးစွဲနေတဲ့ သံချပ်ကာယာဉ်တွေ ထောက်ပံ့ဖို့ ပါဝင်တယ်လို့ လီကော်နူက ဆိုပါတယ်။

လက်နက် အသစ်တွေ ပါဝင်မှာ ဖြစ်သလို ပြင်သစ် စစ်တပ်အတွက် လက်ရှိ အချိန်ထိ အသုံးပြုနေဆဲ စစ်လက်နက် ယန္တရားတွေလည်း ယူကရိန်းဆီ ပို့ဆောင်မယ့်ထဲမှာ ပါဝင်လိမ့်မယ်လို့ ဝန်ကြီးက အတည်ပြုပါတယ်။ တပတ်ရစ် သံချပ်ကာယာဉ်တွေကို ထောက်ပံ့ပေးဖို့ ယူကရိန်းက လိုလိုလားလား တောင်းဆိုခဲ့တာဖြစ်ပြီး အဲဒီ ယာဉ်တွေဟာ တပ်တွေ ရွှေ့ပြောင်း လှုပ်ရှားရာမှာ အကောင်းဆုံး ပံ့ပိုးကူညီနိုင်မယ်လို့ လီကော်နူက ဆက်ပြောပါတယ်။

ယူကရိန်းဆီ ပြင်သစ်က ပေးပို့မယ့် ဒုံးကျည်တွေကတော့ Aster 30 အမျိုးအစားတွေ ဖြစ်မယ်လို့ ဆိုပါတယ်။ ယူကရိန်းဟာ ရုရှားရဲ့ အရှိန်မြှင့်တင်လာတဲ့ လေကြောင်း တိုက်ခိုက်မှုတွေဒဏ်ကို အလူးအလဲ ခံစားနေရပြီး လေကြောင်း ကာကွယ်ရေး ဒုံးကျည်တွေ ပိုမို လိုအပ်နေပါတယ်။

မတ်လကုန်မှာ ရုရှားဟာ ယူကရိန်း နိုင်ငံအနှံ့အပြားက ဓာတ်အားပေး ကွန်ရက်တွေကို ဒုံးကျည်နဲ့ ဒရုန်း စုစုပေါင်း ၉၉ ခုထိ အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာက ယူကရိန်း ဓာတ်အားပေးစက်ရုံကြီး ၃ ခု ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

 

Ref: AFP