ဖျာပုံထောင် ရုန်းရင်းဆန်ခတ်မှု နိုင်ကျဥ်းတွေအပါအဝင် အကျဥ်းသား ၁၇ ဦးထက်မနည်း ဒဏ်ရာရ

ဧပြီ၊ ၁
 
ဧရာဝတီတိုင်း၊ ဖျာပုံအကျဥ်းထောင်မှာမနေ့က မတ်လ ၃၁ ရက်ညနေပိုင်းမှာဝန်ထမ်းတွေနဲ့ အကျဥ်းသားတွေ ရုန်ရင်းဆန်ခတ်ဖြစ်ခဲ့ပြီး နိုင်ငံရေးအကျဥ်းသားတွေ အပါအဝင် အကျဥ်းသား ၁၇ ဦးထက်မနည်း ဒဏ်ရာရထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက DNA ကို ပြောပါတယ်။
 
“ထောင်ရဲ့ ပတ်ဝန်းကျင်ကနေ ပစ်ခတ်သံကြားရတယ်၊ အနည်းဆုံး ၁၇ ဦးကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ်၊ သေနတ်မှန်တာလား ဘာလားဆိုတာကိုတော့ ကျနော်တို့အတည်မပြုနိုင်သေးဘူး” လို့ သူကပြောပါတယ်။
 
ညနေ ၅ နာရီလောက်မှာ အကျဥ်းသားတွေနဲ့ ထောင်ဝန်ထမ်းတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် စစ်ကား သုံးစီးထက်မနည်း ထောင်ထဲဝင်သွားပြီး ဒီကနေ့ နေ့လယ်ပိုင်းအထိ ပြန်မထွက်လာသေးဘူးလို့သိရပါတယ်။
 
အကျဥ်းသားတွေနဲ့ ထောင်ဝန်ထမ်းတွေ ရုန်းရင်းဆန်ခတ်ဖြစ်ရတဲ့အကြောင်းကို မသိရသေးသလို ဒဏ်ရာရတဲ့ ၁၇ ဦးထဲမှာလည်း နိုင်ငံရေးအကျဥ်းသား ဘယ်နဦး ပါဝင်လဲဆိုတာ အတည်မပြုနိုင်သေးပါဘူး။
 
“ထောင်ဝန်ထမ်းတွေလည်း တယောက်မှာအပြင်မထွက်လာသေးဘူး၊ အကုန်လုံးပိတ်ဆို့ထားတယ်၊ ဒဏ်ရာရတဲ့အကျဥ်းသားတွေကိုလည်း ပြင်ပဆေးရုံတွေမှာ ကုသပေးတာမျိုးမရှိသေးဘူး၊ ဒါပေမယ့် အရေးပေါ်ဆေးကုသမှုရဖို့ လိုအပ်နေတယ်လို့တော့သိထားရတယ်” လို့လည်း ကိုသိုက်ထွန်းဦးက ပြောပါတယ်။
 
ဖျာပုံအကျဥ်းထောင်ကို အခုလို အဝင်အထွက်ပိတ်ထားသလို ဒီကနေ့ မနက်ပိုင်းမှာလည်း အကျဥ်းသူ၊ အကျဥ်းသားတွေအတွက် ထောင်ဝင်စာ ပါဆယ်ပို့တာတွေကိုလည်း လက်မခံဘူးလို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မတ်လအတွင်းကလည်း စစ်ကိုင်းတိုင်း၊ ကလေးထောင်မှာ အကျဉ်းသားတွေ ထွက်ပြေးဖို့ ကြိုးစားလို့ဆိုကာ စစ်ကောင်စီတပ်က ပစ်ခတ်နှိမ်နင်းလို့ အကျဥ်းသား ခုနစ်ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
 
“အခုလည်း သတင်းအမှောင်ချထားခံရတော့ စိတ်ပူနေရတယ်၊ ထောင်ထဲမှာ သေဆုံးတဲ့ အကျဥ်းသားအယောက်တိုင်းအတွက် ထောင်အာဏာပိုင်တွေက တာဝန်ယူကိုယူရမယ်” လို့လည်း ကိုသိုက်ထွန်းဦးက DNA ကို ပြောပါတယ်။
 
အလားတူပဲ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်းကလည်း ပဲခူးတိုင်း၊ ကျိုက်စကောအကျဥ်းထောင်ကနေ ထောင်ပြောင်းရွှေ့ဖို့ ခေါ်ထုတ်လာတဲ့အကျဥ်းသားတွေထဲက နိုင်ငံရေးအကျဥ်းသား ရှစ်ဦးထက်မနည်း ထွက်ပြေးတယ်လို့ဆိုကာ စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – စစ်ကောင်စီ
ပုံစာ – ပြီးခဲ့တဲ့နှစ် ဝါဆိုလပြည့်နေ့မှာ လွတ်ငြိမ်းချမ်းသားခွင့်နဲ့ ဖျာပုံအကျဥ်းထောင်ကနေ ပြန်လွတ်လာတဲ့ အကျဥ်းသားတွေနဲ့ ထောင်အရာရှိတွေကို တွေ့ရစဥ်