စစ်ကောင်စီဗုံးကြဲလို့ ရခိုင်ကဆေးရုံနဲ့ စာသင်ကျောင်းတွေ အများအပြားပျက်စီး

ဧပြီ၊ ၁ 

စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက သူတို့လက်လွှတ်ဆုံးရှုံးထားရတဲ့မြို့နယ်တွေမှာ အရပ်ဖက်နေရာတွေကိုလေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်နေပြီး အဲဒီထဲမှာ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းတွေ အများအပြား ပါဝင်နေတယ်လို့ ဒေသခံတွေက ပြောကြပါ တယ်။

အဲဒီလိုဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ရခိုင် ပြည်နယ်အတွင်းမှာ ပျက်စီးခဲ့ရတဲ့ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းပေါင်း တဆယ် ကျော်ရှိ နေပြီး ဒါဟာ ပြည်သူတွေ ဆေးဝါး ကုသခွင့်မရအောင် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီး နေတာလို့ ဝေဖန်ကြပါတယ်။

“စစ်ရှုံးနေတဲ့အခါကျတော့ အဖျက်အမှောင့်တွေ လုပ်နေတယ်၊ဆေးဝါးကုသမှုနဲ့ပက်သက်ပြီးတော့ ပြည်သူတွေကို အခက်အခဲဖြစ်အောင် တမင်လုပ်နေတာ၊ ဒါတွေအကုန်လုံးက စစ်ရာဇ ဝတ်မှုရော၊ အကုန်လုံးကို ချိုးဖောက်ရ ာရောက်တယ်”လို့ ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအသင်းဒါရိုက်တာ ဦးမြတ်ထွန်းက ပြောပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ် ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ရမ်းဗြဲမြို့ပေါ်ဆေးရုံတို့နဲ့ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ဆေးရုံ၊ မြောက်ဦးမြို့နယ် တိမ်ညိုတိုက်နယ်ဆေးရုံ၊ မင်းပြားမြို့နယ် မင်းဖူးတိုက်နယ်ဆေးရုံစတဲ့ ဆေးရုံတို့အပါအ၀င် ဆေးရုံ၊ ဆေးခန်းအ များအပြားဟာ စစ်ကောင်စီတပ်ရဲ့ လက် ချက်ကြောင့် ပျက်စီးသွားခဲ့ရပြီလို့ ဒေသခံတွေ က ပြောပါတယ်။

အလားတူပဲ မြို့ပေါ်စာသင်ကျောင်းကြီးတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေခိုလှုံနေထိုင်နေကြတဲ့ နယ်ကျေးရွာတွေက စာသင်ကျောင်းအဆောက်အဦအများအပြား ဟာလည်း စစ်ကောင်စီတပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် အပျက်အစီးတွေရှိနေတယ်လို့ ဆိုပါတယ်။

မနေ့က မတ်လ ၃၁ ရက်နေ့ညကလည်း မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကို လေကြောင်းကနေ ထပ်မံဗုံးကြဲခဲ့လို့ မူလွန်စာသင်ကျောင်းဆောင်တခုနဲ့ နေအိမ် လေးလုံး ပျက်စီးခဲ့ရပါသေးတယ်။

“မင်းပြား သေကန်(ရွာ)မှာဆိုလည်း စစ်ရှောင်တွေနေတာ သိလို့ကို လေယာဉ်နဲ့ တမင်လာပစ်တယ်၊ စာသင်ကျောင်းတခုလုံး ပျက်စီးသွားတယ်၊ မင်းဖူးဆေးရုံကိုလည်း အဲလိုပဲ တမင်ပစ်တာ”လို့ မင်းပြားမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။

အဲဒီလို ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းတွေ ဦးတည်တိုက်ခိုက်ခံနေရတာကြောင့် စစ်ဘေးရှောင်တွေ နေထိုင်ခိုလှုံစရာနေရာအခက်အခဲကြုံနေကြရပြီး ဒေသတွင်း ဆေးဝါးကုသနိုင်ဖို့လည်း အလှမ်းဝေးခက်ခဲသွား‌စေတယ်လို့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

“ဆေးရုံ၊ ဆေးခန်းတွေကို လာပြီးတော့ ဗုံးကြဲတယ်ဆိုတော့ ဆေးဝါးတွေလည်း ပျက်စီးကုန်တယ်၊ နေရာတွေလည်း ပြောင်းရွေ့ရတယ်၊ အဲလိုဆိုတော့ ပြည်သူတွေ တော်တော်ဒုက္ခရောက်နေတယ်၊ ဆေးခန်းတခေါက်သွားဖို့ မလွယ်တော့ဘူး”လို့ မင်းပြားမြို့နယ် ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကောင်စီဟာ လက်လွှတ်ထားရတဲ့မြို့နယ်တွေမှာ ဆေးရုံ၊ ဆေးခန်းအဆောက်အဦးတွေကို ဗုံးကြဲဖျက်ဆီးနေတဲ့အပြင် သူတို့ထိန်းချုပ်မှုအောက်မှာ ရှိ‌နေသေးတဲ့ မောင်တောမြို့ပေါ်ရှိ ခရိုင်ပြည်သူ့ဆေးရုံကိုလည်း ပိတ်ခိုင်းကာ စစ်စခန်းချထားပါတယ်။

ဒါ့အပြင် ဆေးရုံအုပ်နဲ့ လက်ထောက်ဆရာဝန်တို့ကိုလည်း ဖမ်း၀ရမ်းထုတ်ထားပါသေးတယ်။

ရခိုင်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းတွေအများအပြား ပျက်စီးရသလို အရပ်သားထိခိုက်သေဆုံးမှုဟာလည်း ရာဂဏန်းထိ ရှိနေပြီး အဲဒီလုပ်ရပ်တွေဟာ သူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ပြောဆိုကြပါတယ်။

“အဲဒီလိုလုပ်ခြင်းအားဖြင့် ရက္ခိုင့်တပ်တော်ကို ဘာမှထိခိုက်မှုရှိမှာမဟုတ်ဘူး၊ တကယ့်သတ္တိရှိလို့ရှိရင် ရက္ခိုင့်တပ်တော်နဲ့ ထိပ်တိုက်ရင်ဆိုင်ပြီးတော့မှ တိုက်၊ မဟုတ်ဘဲ အခုလိုလုပ်နေတာဟာ သူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်တယ်”လို့ ဦးမြတ်ထွန်းက ဝေဖန်ပါတယ်။

စစ်ကောင်စီတပ်ဟာ သူတို့လက်လွှတ်ခဲ့ရတဲ့မြို့နယ်တွေအပြင် တိုက်ပွဲဖြစ်ပွားမှုလုံး၀မရှိသေးတဲ့ မြို့နယ်တွေမှာလည်း အရပ်သားလူနေရွာတွေ၊ စျေးတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို လက်နက်ကြီးပစ်ခတ်တာတွေရှိနေပါတယ်။

ရက္ခိုင့်တပ်တော်(AA) ဟာ ရခိုင်ဒေသတိုက်ပွဲကာလ လေးလကျော်အတွင်း ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ရှစ်ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်ထားပြီး ဘူးသီးတောင်၊ မောင်တော၊ အမ်းမြို့နယ်တို့မှာလည်း ထိုးစစ်တွေ ဆက်လုပ်နေပါတယ်။

 photo AA info desk/CJ