ဇွန်၊ ၂၂
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရန်ကုန်တိုင်း စစ်ဒေသခွဲက တပ်ဖွဲ့ဝင် အမျိုးသမီး ရဲမေတွေရဲ့ စုဖွဲ့လေ့ကျင့်မှု မှတ်တမ်းပုံရိပ်တွေကို ရန်ကုန်တိုင်း စစ်ဒေသခွဲဌာနချုပ်က ထုတ်ပြန်လာတာဖြစ်ပါတယ်။
ဒီအမျိုးသမီး စစ်သည်တွေဟာ မကြာသေးခင်ကမှ ဖွဲ့စည်းကြောင်းထုတ်ပြန်ထားတဲ့ ရန်ကုန်တိုင်း စစ်ဒေသခွဲရဲ့ ပထမဆုံးတပ်ရင်းဖြစ်တဲ့ တပ်ရင်း (၅၁၀၁)က စစ်သည်ရဲမေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းစစ်ဒေခွဲရဲ့ပထမဆုံးတပ်ရင်းဖြစ်တဲ့ တပ်ရင်း (၅၁၀၁)ကို အခုလ တရက်ကမှ စတင်ဖွဲ့စည်းကြောင်း ကြေညာခဲ့တာပါ။ ဒီမတိုင်ခင်ကတော့ ရန်ကုန်တိုင်းအတွင်းမှာ PDF တပ်ရင်း၊ တပ်ဖွဲ့အနေနဲ့ မရှိခဲ့ဘဲ မြို့ပြပြောက်ကျားလှုပ်ရှားမှုတွေပဲရှိခဲ့ပါတယ်။
ရန်ကုန်တိုင်းစစ်ဒေသခွဲအနေနဲ့ တော်လှန်ရေးကာလ နှစ်နှစ်ကျော်အတွင်း စစ်ဆင်ရေး အကြိမ်နှစ်ထောင်ကျော် ဆောင်ရွက်ခဲ့ပြီး စစ်ရေးပစ်မှတ်တထောင်ကျော်၊ အုပ်ချုပ်ရေးပစ်မှတ် ရှစ်ရာကျော်၊ စီးပွားရေး ပစ်မှတ် နှစ်ရာကျော် ကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ခြောက်ရာကျော်သေဆုံးကာ ကိုးရာကျော် ထိခိုက်ခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ရှစ်ဆယ်ကျော် ကျဆုံးပြီး တထောင်ကျော် ဖမ်းဆီးခံရကာ ဒဏ်ရာရသူ တရာ လောက်ရှိခဲ့တယ်လို့ ရန်ကုန်တိုင်း စစ်ဒေသခွဲဌာနချုပ်က ထုတ်ပြန်ထားပါတယ်။
လတ်တလောဖွဲ့စည်းထားတဲ့ ရန်ကုန်တိုင်းစစ်ဒေသခွဲရဲ့ ပထမဆုံးတပ်ရင်း (၅၁၀၁)ကတော့ စစ်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်လို့ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ဓာတ်ပုံ – ရန်ကုန်တိုင်း စစ်ဒေသခွဲဌာနချုပ်