ဇွန်၊ ၂၁
ရန်ကုန်-မြဝတီ အာရှလမ်းမကြီး၊ကော့ကရိတ်မြို့၊ကော့နွဲ့ရွာအနီးမှာမနေ့က နေ့လယ်ပိုင်းက စက်ချို့ယွင်းလို့ ရပ်ထားတဲ့ ပရိုဘောက် အိမ်စီးကားကို သံဃာ နှစ်ပါးစီးနင်းလာတဲ့ ဆိုင်ကယ်ဝင်တိုက်မိလို့ နှစ်ပါးလုံး ပျံလွန် တော်မူခဲ့တယ်လို့ မြို့ခံပရဟိတ အသင်းဆီက သိရပါတယ်။
အာရှလမ်းမကြီးအတိုင်း မောင်းနှင်လာပြီး သံဃာနှစ်ပါးစီးနင်းလာတဲ့ ဆိုင်ကယ်ဟာ လမ်းအကွေ့မှာ အရှိန်မ ထိန်းနိုင်ဘဲ တဘက်ယာဉ်ကြောမှာ ရပ်ထားတဲ့ကားကိုတိုက်မိလို့ သံဃာတပါးက နေရာမှာတင်ပျံလွန်ခဲ့တာလို့ သိရပါတယ်။
“မိုးရွာထားလို့ လမ်းချော်တာရယ်လမ်းကွေ့မှာအရှိန်မထိန်းနိုင်တာကြောင့်ဖြစ်တာပါ၊တာလမ်းနဲ့ဦးခေါင်းရိုက်မိပြီး တပါးနေရာတင် ပျံလွန်ပါတယ်၊ တပါးက ဆေးရုံရောက်ပြီး သိပ်မကြာခင်မှာပဲ ပျံလွန်တာပါ”လို့ ပုလဲဖြူ လူမှု ကူ ညီရေးအသင်း တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
ပျံလါန်သွားတဲ့ သံဃာတွေဟာ ကော့ကရိတ်မြို့၊အမှတ်(၄)ရပ်ကွက် သတိပဌာန်ကျောင်းတိုက်က ဦးဝိမလနဲ့ ဦးဇနကတို့ဖြစ်ပြီး သက်တော် (၃၀)ဝန်းကျင်ခန့်စီရှိကြတယ်လို့ သိရပါတယ်။
ယာဉ်မတော်တဆမှုကြောင့် ပျံလွန်တော်မှုခဲ့တဲ့ သံဃာ နှစ်ပါးကို ကော့ကရိတ်ဆေးရုံကြီးကတဆင့် သီတင်းသုံးရာ ကျောင်းတိုက်ကို ပုလဲဖြူလူမှုကူညီရေးအသင်းက ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။
အာရှလမ်းမကြီးပေါ်မှာ ဇွန်လ ၁၉ရက်ကလည်း တရက်တည်း ယာဉ်တိုက်မှုနှစ်ကြိမ်ထပ်ဖြစ်လို့ အမျိုးသားတဦး သေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။