ဇွန်၊ ၁၉
ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၇၈ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့တနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူနဲ့အတူ ” We Miss You ” စာတမ်းပါ ဘန်နာတစ်ခုကို ရန်ကုန်တော်လှန်ရေးအင်အားစုအဖွဲ့ YRF က ချိတ်ဆွဲခဲ့တာကို တွေ့ရပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားဖမ်းဆီးခြင်းကို ခံရပြီး ဒီကနေ့အချိန်ထိ ပြင်ပ ဧည့်သည်တွေနဲ့ တွေ့ဆုံခွင့်မရဘဲ စစ်ကောင်စီနဲ့ ဆက်နွယ်နေသူတွေနဲ့သာ တွေ့ခွင့်ရနေသလို ပြည်သူလူထုအနေနဲ့လည်း လူထုခေါင်းဆောင်ကို ၂ နှစ်ကျော်ကြာလာတဲ့အထိ မတွေ့ရပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို အစဉ်အမြဲ အောက်မေ့သတိရနေတယ်လို့လည်း ထုတ်ပြန်ထားကြပါတယ်။
တချိန်ချိန်မှာ “ ကျွန်မတို့ပြည်သူတွေ အရမ်းတော်တယ် ” ဆိုတဲ့ စကားကို ရွှင်ပြုံးတဲ့မျက်နှာနဲ့ မိန့်ခွန်းပြန်လည်ပြောကြားမယ့် ရက်ကိုလည်း စောင့်မျှော်နေသူတွေ ရှိပြီး နောက်နှစ်မွေးနေ့မှာ မွေးနေ့ရှင် လူထုခေါင်းဆောင်အပါအဝင် မတရားဖမ်းဆီးခံရသူအားလုံး ပြန်လည်လွတ်မြောက်ပြီး တော်လှန်ရေးအောင်မြင်ပါစေလို့လည်း ရန်ကုန်တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ပြောဆိုထားပါတယ်။
ဒီကနေ့ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၈ နှစ်ပြည့် မွေးနေ့ အကြိုအထိမ်းအမှတ်တွေကို နိုင်ငံတဝန်းက ပြည်သူတွေ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်တွင်းပြည်ပရောက် ဒီမိုကရေစီလိုလားကြသူတွေက လှုပ်ရှားမှုမျိုးစုံနဲ့ ကြိုဆိုနေကြပါတယ်။
လူမှုကွန်ရက်စာမျက်နှာတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းပြီး ခွန်အားဖြည့်မိငယ်သီချင်းကို သီဆိုကြတာတွေကို မွေးနေ့မတိုင်ခင်ကတည်းက လုပ်ဆောင်နေကြသလို မွေးနေ့ရောက် ဒီကနေ့မှာလည်း ပြည်လုံးကျွတ်ပန်းသပိတ် ပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ – Yangon Revolution Force – YRF