ဇွန်၊ ၁၈
မန္တလေးမြို့က မြို့နယ်တချို့မှာ စစ်အုပ်စု လက်အောက်ခံစည်ပင်သာယာရေး ကော်မတီက ပုံမှန်ကောက်ခံမှုမ လုပ်ထားတဲ့ အိမ်ခွန်၊အမှိုက်ခွန်တွေကို သုံးနှစ်စာလောက် တပေါင်းတည်းပေးဖို့ ဖိအားပေးကောက်ခံနေတာ ကြောင့် အခက်တွေ့နေရတယ်လို့ မြို့ခံတွေကပြောပါတယ်။
စစ်အုပ်စု လက်အောက်ခံ ၀န်ထမ်း ၁၀ ဦးလောက်က အရပ်ဝတ်နဲ့ ရပ်ကွက်တွေအလိုက် အခွန်ငွေကောက်ခံနိုင်ဖို့ကြိုးပမ်းနေတာဖြစ်သလို ပြီးခဲ့တဲ့ ၂၀၁၉ ကိုဗစ်ကာလကစပြီး အာဏသိမ်းပြီးချိန်အထိ အခွန်တွေကို တပေါင်း တည်းပေးဖို့ ဖိအားပေးနေတာလို့ ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်သူ တဦးကပြောပါတယ်။
“မီတာကျတော့ လစဉ်ဆောင်ရတာဆိုတော့ သိပ်ပြသာနာမရှိဘူး၊အိမ်ခွန်တို့ တခြားအခွန်ကျတော့ အရင်ကတော့စာရွက်လာပေးတဲ့ကလေးဆောင်ခိုင်းလိုက်တာပေါ့၊အိမ်ခွန်စာရွက်တွေမရောက်တာကြာပြီး အခုမှပေါင်းပြီး ဆောင်ခိုင်းတော့ ငွေကတအားများတယ်” လို့ သူကဆိုပါတယ်။ စစ်အုပ်စုက အခုလိုအခွန်ငွေကို ပေါင်းကောက်ခံတဲ့အတွက် တချို့အိမ်တွေဟာ ကျပ် တသိန်းကနေ ကျပ်နှစ်သိန်းအထိ ကျသင့်နေတာတွေရှိတယ်လို့ သိရပါတယ်။
အိမ်ခွန်ကို အရင်ကပုံမှန်အားဖြင့် ခြောက်လတကြိမ်လောက် ပေးဆောင်ကြရပြီး အမှိုက်ခွန်ကို တလတကြိမ် ပေးဆောင်ကြရတာဖြစ်ပေမယ့် အခုကတော့ လနဲ့ချီကြာမကောက်ထားရသေးတဲ့ အခွန်အခတွေကို တပေါင်း တည်းပေးဖို့ ဖိအားပေးကောက်ခံတာဖြစ်လို့ အခက်တွေ့ကြရတာလို့ဆိုပါတယ်။
“အရင်ကတော့ အခွန်စာရွက်အိမ်မှာလာပို့တယ်၊အဆင်ပြေတဲ့အချိန်ရုံးသွားဆောင်ပေါ့၊အခုကျတော့မဟုတ်ဘူး၊တခါတည်းဆောင်ချင်ဆောင်မဟုတ်ရင်တော့ ရုံးခေါ်ပြီး ပြသာနာလုပ်မယ့်ပုံပြောတာ” လို့ မဟာအောင်မြေမြို့ နယ် မှာ နေထိုင်တဲ့အမျိုးသမီးတဦးကပြောပါတယ်။ NLD အစိုးရလက်ထက် ၂၀၁၈ခုနှစ်မှာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက စီမံချက်တရပ်အနေနဲ့ မန္တလေးစည်ပင်နယ်နိမိတ်အတွင်းက ခြောက်မြို့နယ်မှာ ရှိတဲ့ နေအိမ်အဆောက်အအုံတွေကို စာရင်းကောက် ယူ ခဲ့ရာမှာ အိမ်ခွန်ကောက်ခံမှုကင်းလွတ်နေတဲ့ အိမ်အလုံးရေ ၁၃၀၀၀၀ လောက်တွေ့ခဲ့တယ်လို့ အဲ့ဒီအချိန်က စည် ပင်ဌာနတာဝန်ရှိသူတွေကဆိုပါတယ်။ ကွင်းဆင်းစစ်ဆေး အချက်အလက်ကောက်ယူမှုတွေအရ မန္တလေးမြို့တော် စည်ပင်နယ်နိမိတ်အတွင်းမှာ အိမ်ခွန် စည်းကြပ်ကောက်ခံရမယ့် အိမ်အလုံးရေ စုစုပေါင်း နှစ်သိန်းခွဲကျော်လောက်ရှိနေတာလို့ NLD အစိုးရလက်ထက် ၂၀၁၉ခုနှစ်က မန္တလေးစည်ပင်ရဲ့မှတ်တမ်းတရပ်မှာတွေ့ရပါတယ်။
အာဏာသိမ်းမှုဖြစ်ပြီးနောက် နိုင်ငံတဝန်းရှိ လူထုက စစ်အုပ်စုကို အခွန်မပေးချင်တဲ့အတွက် လျှပ်စစ်မီတာခတွေအပါအဝင် အခွန်အခတွေကိုမပေးဆောင်ပဲနေကြတာတွေရှိသလို မတည်ငြိမ်တဲ့အခြေအနေတွေကြောင့် ဌာနဆိုင် ရာတွေဘက်က ပုံမှန်မကောက်နိုင်တာမျိုးတွေလည်းရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ စစ်အုပ်စုက မီတာခမဆောင်တဲ့အိမ်တွေကို မီတာဖြတ်တောက်ပစ်တာမျိုးလုပ်ပြီး အတင်းအကျပ်ဖိအားပေးလာတာကြောင့် လက်ရှိမှာတော့ မြို့ပြနေလူထုအများစုက မီတာခအပါအဝင် အခွန်အခ တွေကိုစစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေဆီ ပေးသွင်းနေကြရပါတယ်။
ပုံစာ- မန္တလေးမြို့မှာ လူထုကိုစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားများပုံဟောင်း