သရက်ချောင်းမှာ နေအိမ်ခဏပြန်လာတဲ့ စစ်ရှောင်လူငယ် စစ်တပ်ကပစ်ခတ်လို့သေဆုံး၊ နေအိမ်တချို့ မီးထပ်ရှို့ချိန် အမျိုးသမီးတဦးလည်း ထိခိုက်ဒဏ်ရာရ

ဇွန်၊ ၁၂
 
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာက လူငယ်တဦးဟာ စစ်ဘေးတိမ်းရှောင်ရင်း မနေ့ဇွန် ၁၁ ရက်နေ့က ကျန်းမာရေးမကောင်းတဲ့ မိခင်ဖြစ်သူအတွက်‌ နေအိမ်မှာ ဆေးပြန်ယူချိန် စစ်ကောင်စီတပ်သားတွေက နေအိမ်အနီးမှာပဲ ပစ်ခတ်လိုက်တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပစ်ခတ်ခံရသူဟာ အသက် ၂၃ နှစ်အရွယ် ကိုဝေယံဟိန်းဖြစ်ပြီး သူ့ရဲ့အလောင်းနဲ့ပတ်သက်လို့ကတော့ အတိအကျမသိရသေးဘူးလို့ ရွာခံတဦးက ပြောပါတယ်။
” ပစ်သတ်တာကတော့ အိမ်နားမှာပဲ၊ တွေ့တာနဲ့ ဘာမှမေးမနေတော့ဘဲ ပစ်လိုက်တယ်ကြားတယ်၊ အလောင်းကိုတော့ ဘုန်းကြီးတွေ သင်္ဂြိုဟ်ပေးလိုက်ပြီလို့လည်း ပြောတယ်၊ ရွာထဲမှာလည်း လူသိပ်မကျန်ခဲ့တော့ အတိအကျမပြောနိုင်သေးဘူး ” လို့ ရငဲရွာခံတဦးက DNA ကို ပြောပါတယ်။
အဲဒီနေ့ နေ့လယ်ပိုင်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရငဲကျေးရွာနဲ့ ကနက်သီရိကျေးရွာက အနည်းဆုံး နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်တွေထဲလည်း တန်ဖိုးရှိပစ္စည်းတွေကို ဝင်ရောက်မွှေနှောက် ရှာဖွေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဇွန်လ ၁၂ ရက် မနက် ၉ နာရီလောက်မှာတော့ ရငဲရွာထဲက နေအိမ်တလုံး ထပ်မံမီးရှို့ခံခဲ့ရပြီး စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးပေါက်ကွဲလို့ ရငဲရွာထဲ ပုန်းခိုနေတဲ့ ဒေါ်ကြည်ဝင်းဆိုသူ အမျိုးသမီးတဦး ခြေထောက်ပြတ်သွားတယ်လို့လည်း ကူညီပေးနေသူတွေထံကနေ သိရပါတယ်။
” ရွာထဲမှာက စစ်တပ်ရှိနေသေးတော့ လူနာကို ဝင်ကယ်လို့ မရသေးဘူး ဖြစ်နေတယ်၊ သူတို့က တွေ့တဲ့လူ အကုန်ပစ်သတ်မှာ၊ အဲကြောင့် ဝင်ကယ်ဖို့ကို အခြေအနေကြည့်နေရတယ် ” လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက DNA ကို ပြောပါတယ်။
လက်ရှိမှာတော့ ရငဲရွာထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ရှိနေပြီး လက်နက်ကြီးပစ်ခတ်တာတွေပါ လုပ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ဇွန်လ ၈ ရက်နေ့ ညနေပိုင်းကတည်းက ကနက်သီရိရွာ ထဲရောက်လာပြီး ရွာသား ၃၀ ကျော်ကို ဖမ်းဆီးတာ နေအိမ်မီးရှို့တာတွေ စလုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
စစ်ကောင်စီတပ်သား ၄၀ လောက်ကတော့ ဇွန်လ ၁၁ ရက် ညနေပိုင်းမှာ ရွာထဲကနေ ပြန်ထွက်သွားပြီး ဖမ်းဆီးထားသူ အများစုကို ပြန်လွှတ်ပေးခဲ့ပေမယ့် အမျိုးသားသုံးဦးကိုတော့ လူသားဒိုင်းအနေနဲ့ ဖမ်းခေါ်သွားတယ်လို့ ရွာခံတဦးက ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကနက်သီရိရွာကို မရောက်ခင် ဇွန်လ ၈ ရက် မနက်ပိုင်းက ကနက်သီရိရွာနဲ့ ၄ မိုင်ကျော်လောက်ဝေးတဲ့ ရငဲကျေးရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်တာခံခဲ့ရပြီး ထိခိုက်သေဆုံးမှုလည်း ရှိခဲ့ပါတယ်။
လက်ရှိ ရငဲရွာထဲရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကတော့ ဇွန်လ ၁၀ ရက်နေ့ကမှ ထားဝယ်ဘက်ကနေ စစ်ကူဆင်းလာတာဖြစ်ပြီး ရငဲရွာနဲ့ ၂ မိုင်လောက်အကွာ ဝဲရစ်ရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်တာ ခံခဲ့ရသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲဆက်ဖြစ်နိုင်တဲ့ အခြေအနေရှိပြီး အနီးတဝိုက်ရွာတွေဖြစ်တဲ့ ကနက်သီရီ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ ရငဲ၊ ကမြိုင်၊ ဝဲရစ်၊ ရငဲ စတဲ့ကျေးရွာတွေက ရွာခံတသောင်းနီးပါး ဘေးလွတ်ရာ ပြောင်းရွှေ့ထားကြပါတယ်။
 
ဓာတ်ပုံ – CJ
ပုံစာ – စစ်ကောင်စီတပ်တွေ ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ ကိုဝေယံဟိန်းနဲ့ စစ်တပ်က မီးရှို့ခဲ့တဲ့ နေအိမ်တချို့။