ဇွန် ၊ ၁၁
ပြည်တွင်း သတင်းမီဒီယာတခုဖြစ်တဲ့ ဧရာဝတီတိုင်းမ် သတင်းဌာန (A Times သတင်းအေဂျင်စီ)ကို ဇွနလ ၈ရက်ကစပြီးလုပ်ငန်းလိုင်စင်ပိတ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီကသူတို့ရဲ့ ဝါဒါဖြန့်သတင်းစာတွေက တဆင့်ထုတ်ပြန်ကြေညာထားပါတယ်။
“ ဒီလ ၈ ရက်နေ့မှာတော့ ကျွန်တော်တို့သတင်းအေဂျင်စီလိုင်စင် ပိတ်သိမ်းကြောင်း စစ်ကောင်စီက ကြေညာခဲ့တယ်။ သူတို့ရဲ့ကြေညာချက်က ကျွန်တော်တို့ သတင်းဌာနရဲ့ ယုံကြည်ချက်၊ ခံယူချက်နဲ့ လုပ်ငန်းစဉ်တွေအပေါ်ဘာအကျိုးသက်ရောက်မှုမှ မရှိပါဘူး။ ကျွန်တော်တို့ ယခင်အတိုင်းပဲ ပြည်သူလူထုဘက်က အမြဲရပ်တည်ပြီးသတင်းမီဒီယာလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမှာပါ “ လို့ ဧရာ၀တီတိုင်းမ်သတင်းဌာန တည်ထောင်သူ၊ အယ်ဒီတာချုပ် ဆလိုင်းသန့်စင်က DNA ကိုပြောပါတယ်။
စစ်ကောင်စီကအာဏာသိမ်းတဲ့အချိန်ကနေ ပြည်တွင်းက နေ့စဉ်ထုတ်သတင်းစာစောင်၊အွန်လိုင်းမီဒီယာတွေအပါအဝင် သတင်းမီဒီယာလိုင်စင် ၁၃ ခုကို လိုင်စင်ပိတ်သိမ်းခဲ့သလိုသတင်းသမားလေးဦးဟာလည်းစစ်ကောင်စီလက်ချက်နဲ့သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီဟာ ဧရာဝတီတိုင်းမ် သတင်းဌာနကို ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါစည်းကမ်းချက်အား လိုက်နာခြင်းမရှိဘဲ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ၊ အများပြည်သူအေးချမ်းသာယာရေးကို ထိခိုက်စေအောင် ရေးသားနေတယ်လို့ စွပ်စွဲပြောဆိုပြီး လိုင်စင်ပိတ်သိမ်းလိုက်တာပါ။
“ ကျွန်တော်တို့က လွတ်လပ်တဲ့မီဒီယာဖြစ်တဲ့အတွက် ပြည်သူလူထုဘက်က အမြဲရပ်တည်ပြီး သတင်းရေးခဲ့တယ်။NLD အစိုးရလက်ထက်လည်း လူထုနစ်နာမှုနဲ့ အခက်အခဲတွေကို ရေးခဲ့တာပါပဲ။ စစ်တပ်အာဏာသိမ်းတဲ့နောက် အရင်အတိုင်းပဲ လူထုဆန္ဒပြပွဲတွေ၊ စစ်ကောင်စီရဲ့ ဖမ်းဆီး၊ တရားစွဲ၊ ထောင်ချ၊ ညှဉ်ပန်းနှိပ်စက်တာတွေကို ရေးသားဖော်ပြတယ်။ ဒါနဲ့ပတ်သတ်ပြီး တနေ့နေ့ တချိန်ချိန် ကျွန်တော်တို့ သတင်းအေဂျင်စီ လိုင်စင်အပိတ်ခံရမယ်ဆိုတာတွက်ဆထားပြီးသားပါ “ လို့ ဆလိုင်းသန့်စင်က ဆိုပါတယ်။
ဧရာဝတီတိုင်းမ် သတင်းဌာန (A Times သတင်းအေဂျင်စီ)ကို မီဒီယာအမျိုးအစား တခုခုကို အသုံးပြု၍ဖြစ်စေ၊နည်းပညာတရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့် ဖော်ပြခြင်းမပြုလုပ်ဖို့ စစ်ကောင်စီက ထားမြစ်ပိတ်ပင်လိုက်တာပါ။
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှာ စတင်တည်ထောင်ခဲ့တဲ့ ဧရာဝတီတိုင်းမ် သတင်းဌာနက အာဏသိမ်းပြီးနောက်စစ်တပ်ရဲ့ လူထုအပေါ်ဖိနှိပ်နေမှုတွေ အပါအဝင် ဧရာဝတီတိုင်းက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ နိုင်ငံရေး၊စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ တိုင်းရင်းသားအရေးတွေကို သတင်းတင်ဆက်ခဲ့တာပါ။
စစ်အာဏာသိမ်းကာလ နှစ်နှစ်ကျော်မှာသတင်းသမား ၁၅၆ ဦးကို ဖမ်းဆီးခံထားရပြီးအဲဒီထဲက သတင်းသမား ၁၀၅ ဦးကတော့ပြန်လည်လွတ်မြောက်လာပေမယ့် ၅၁ ဦးကတော့ စစ်ကောင်စီအကျဉ်းထောင်တွေမှာရှိနေဆဲဖြစ်ပါတယ်။
“ စစ်ကောင်စီရဲ့ ဖမ်းဆီးမှု၊ အမှုဖွင့် တရားစွဲ ထောင်ချမှုနဲ့ လိုင်စင်ပိတ်သိမ်းတဲ့ဖိနှိပ်မှုတွေက ကျွန်တော်တို့ မြန်မာမီဒီယာသမားတွေရဲ့ ခံယူချက်၊ ယုံကြည်ချက်တွေကို မဖျက်ဆီးနိုင်ပါဘူး။ ဘယ်လိုအခက်အခဲပဲကြုံကြုံ ကျွန်တော်တို့ မြန်မာပြည်သူလူထုအတွက် သတင်းတွေ ဆက်လက်ရေးသားတင်ဆက်သွားမှာပါ”လို့ဆလိုင်းသန့်စင်ကဆိုပ်တယ်။