ဇွန်၊ ၆
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နဲ့ နတ်သံကွင်းမြို့ကို ဆက်သွယ်ထားတဲ့ စစ်တောင်းမြစ်ကူးတံတား အပါအဝင် စစ်ကောင်စီတပ်အတွက် အရေးပါတဲ့ တံတား နှစ်စင်းကို ကရင်အမျိုးသားအစည်းအရုံး (KNU )ပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့မနက်က မိုင်းဆွဲဖြတ်တောက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေထံမှ သိရပါတယ်။
“ မနက်အစောပိုင်းမှာ တံတားနှစ်စင်းကို KNU လက်အောက်ခံအဖွဲ့တွေရဲ့ ဦးဆောင်မှုနဲ့အတူပေါ့နော်၊ စစ်တောင်းမြစ်ကူး တံတား ရယ်၊ နတ်ရွာတံတားကို မိုင်းဆွဲဖြတ်တောက်လိုက်တယ်။ စစ်တောင်းတံတားကတော့ တွေ့တဲ့အတိုင်းပဲ ထက်ပိုင်းကျိုးကျသွားတယ်၊ အဓိကတော့ သူတို့အတွက် ထောက်ပို့လမ်းကြောင်းတွေ ဖြစ်နေလို့၊ ခုလို လုပ်တာလို့ ပြောတယ်။ ဒီကိစ္စကို အင်တာဗျူးဖြေပေးလို့တော့ အဆင်မပြေသေးလို့၊ ဒီလောက်ပဲ ပြောလို့ ရမယ် ” လို့ ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF )ရဲဘော်တဦးက DNA ကို ပြောပါတယ်။
ကျောက်ကြီးမြို့နဲ့ နတ်သံကွင်းမြို့ကို ချိတ်ဆက်ထားတဲ့ စစ်တောင်းမြစ်ကူးတံတားကို KNU၊ PDF ပူးပေါင်းအဖွဲ့တွေက ဒီကနေ့ မနက် ၄ နာရီကျော်ခန့်မှာ မိုင်းဆွဲဖြတ်တောက်လိုက်သလို ထန်းတပင်မြို့နယ် နတ်ရွာတံတားကိုလည်း ပူးပေါင်းအဖွဲ့တွေက မိုင်းထောင် ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။
အဲဒီတံတားနှစ်စင်းဟာ ကေအဲန်ယူတပ်မဟာ ၂ ၊ တပ်မဟာ ၃၊ တပ်မဟာ ၅ မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေအတွက် အဓိက ထောက်ပို့လမ်းကြောင်းတခုဖြစ်လို့ မိုင်းဆွဲဖြတ်တောက်လိုက်တာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရိုးမ (BPDF) – ROMA က သတင်းထုတ်ပြန်ထားပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကေအဲန်ယူဘက်က ဦးဆောင်လုပ်တာဖြစ်တာကြောင့် PDF တွေကို သတင်းထုတ်ပြန်ခွင့်မပေးထားဘူးလို့ ပဲခူးတိုင်း PDF ပြန်ကြားရေးတာဝန်ခံက DNA သတင်းဌာနကို ပြောပါတယ်။
“ ကျောက်ကြီး၊ နတ်သံကွင်းတံတားကိစ္စတွေက ကေအဲန်ယူဘက်က တိုက်ပွဲဖော်ဆောင်တာ ဖြစ်ပါတယ်။ ကေအဲန်ယူဘက်က ဖော်ဆောင်တဲ့အခါမှာ ကျွန်တော်တို့ကိုတော့ သတင်းထုတ်ပြန်ခွင့်ပိတ်ထားပါတယ်။ ကေအဲန်ယူဘက်က သတင်းထုတ်ပြန် ပါလိမ့်မယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် ကျောက်ကြီးမြို့နယ် နတ်သံကွင်းနယ်မြေရဲစခန်းနဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတပ်စခန်းတွေကိုလည်း ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေကာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ပါ အသုံးပြုတိုက်ခိုက်နေတာရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ ရွာက အသိကို မေးကြည့်တော့၊ မနက်ကတည်းက တိုက်ပွဲဖြစ်နေတာရှိတယ်တဲ့ နတ်သံကွင်းရဲစခန်းဘက်မှာလေ၊ အဲဘက်မှာက တပ်စခန်းတွေဘက်မှာလည်း ပစ်ခတ်တာတွေရှိတယ်တဲ့၊ ပစ်ခတ်မှုဖြစ်တဲ့အချိန်တွေမှာပဲ စစ်တပ်က လေယာဉ်နဲ့ လိုက်ပစ်နေတာ ရှိတယ်၊ ဒါက မနက် ၉ နာရီလောက်ကပေါ့နော်၊ သူနဲ့အဆက်အသွယ်ရတဲ့ အချိန်ပေါ့နော်။ အခုတောင် သူ့ကို ဖုန်းတောင်ခေါ်မရဖြစ်နေတာ၊ ပြေးနေကြပြီးပေါ့၊ တိကျကျတော့ မသိသေးဘူးအကို ” လို့ ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေနဲ့ ဒေသခံတွေ ဘယ်လောက်စစ်ရှောင်နေရတယ်ဆိုတာကိုတော့ DNA သတင်းဌာနအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတချို့လည်း ထိခိုက်ဒဏ်ရာရရှိတာတွေ ရှိနေသလို လူနေအဆောက်အဦတချို့လည်း ပျက်စီးမှုတွေ ရှိပေမယ့် စာရင်းအတိအကျမသိသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
“ အရပ်သားထိခိုက်မှု ရှိတယ်၊ ပြောတယ်၊ လေယာဉ်နဲ့ပစ်တာဆိုတော့ အဆောက်အဦတွေလည်း ပျက်စီးတယ်ပြောတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ “ရိုးမ” BPDF-Yoma