ဇွန်၊ ၅
အာဂျင်တီးနားမှာ ပွဲကြည့်စင်ကနေ ပရိသတ်တဦး ပြုတ်ကျ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် ဘောလုံးပွဲ ရပ်နားခဲ့ရပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း သိရပါတယ်။
အာဂျင်တီးနားရဲ့ အကျော်ကြားဆုံး ဘောလုံးကလပ် တခုဖြစ်တဲ့ ရေးဗားပလိတ် အသင်းရဲ့ မော်နျူမန်တယ် ဘောလုံးကွင်းကြီးထဲမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က လူသေမှု ဖြစ်ခဲ့တာပါ။ ရေးဗားအသင်းနဲ့ ဒီဖန်ဆာ ဂျက်စတီရှာ အသင်းတို့ ယှဉ်ပြိုင်တဲ့ ပွဲစဉ် ၂၆ မိနစ်မှာ ပွဲကြည့်စင်ဖက်က ဆူဆူညံညံ အသံတွေကြောင့် ကွင်းလယ်ဒိုင်က ပွဲကို ယာယီ ရပ်နားပြီး နှစ်ဖက် ကစားသမားတွေကို အဝတ်လဲခန်းထဲ ဝင်စေခဲ့ပါတယ်။
နောက်တော့ အခင်းဖြစ်တဲ့ နေရာကို ဆေးဝန်ထမ်းတွေအပြင် ရဲတွေပါ အလျင်အမြန် သွားရောက်ခဲ့ကြပါတယ်။ ပရိသတ်တဦး သေဆုံးတဲ့ကိစ္စကို အတည်ပြုခဲ့တဲ့နောက် ဒိုင်လူကြီးက ပွဲကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပြီး ကစားသမားတွေလည်း ကွင်းထဲ ပြန်ဝင်မလာတော့ပါဘူး။
နောက်ပိုင်းမှာတော့ ရေးဗားအသင်းက အခုပွဲစဉ်အတွင်း ဆီဗိုရီအော်လ်တာ ပွဲကြည့်စင်ကနေ ပရိသတ်တဦး လိမ့်ကျ သေဆုံးခဲ့ကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။ အဲဒီပရိသတ်ဟာ နေရာမှာတင် ပွဲချင်းပြီး ကွယ်လွန်ခဲ့တယ်လို့လည်း သိရပါတယ်။
သေဆုံးသူဟာ တရာသီလုံးစာ လက်မှတ် ဝယ်ယူထားသူ တဦးဖြစ်ပြီး သူပြုတ်ကျတဲ့ အချိန်တုန်းက ဘေးပယောဂ တခုခု ရှိခဲ့တဲ့ အထောက်အထား မတွေ့ခဲ့ကြောင်း၊ လုပ်ထုံးလုပ်နည်းတွေအရ ဒိုင်က ပွဲကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပြီး အခင်းဖြစ်တဲ့ နေရာမှာ သက်သေခံ အချက်အလက်တွေ ရှာဖွေဖို့အတွက် နောက်ထပ် ၂၄ နာရီ ပိတ်ထားစေခဲ့ကြောင်း ရေးဗားအသင်းက ထုတ်ပြန်ပါတယ်။
ကွင်းထဲမှာ ပရိသတ်တဦး သေဆုံးခဲ့တဲ့အတွက် နောက်တနေ့ ဇွန် ၄ ရက်ကို ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့အဖြစ် ရေးဗားအသင်းက သတ်မှတ် ကြေညာခဲ့သလို အသင်းရဲ့ အလံကိုလည်း တိုင်တဝက်ထိ နှိမ့်ချပြီး လွှင့်ထူခဲ့ကြောင်း သိရပါတယ်။
Ref: ESPN