မုံရွာမှာ မြို့ပြပျောက်ကြားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ဒဿ ကျဆုံး

ဇွန်၊ ၄
 
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အခြေစိုက် မြို့ပြပျောက်ကျားတပ်ဖွဲ့တဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်ဒဿဟာ မနေ့က ဇွန်လ ၃ ရက်၊ နေ့လယ်နှစ်နာရီအချိန်က စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်တာကြောင့် ကျဆုံးခဲ့တယ်လို့ အတွင်းရေးမှုးဖြစ်သူ မချယ်က DNA ကိုပြောပါတယ်။
 
Monywa UG တပ်ပေါင်းစုအဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ဒဿ ဟာ ဆိုင်ကယ်နဲ့ ကျည်ယူလာပြီး အပြန်မှာ နဂါးတွင်း ရွာနားက ညောင်ပင်နားလေးအတတ်မှာ စစ်ကောင်စီဘက်က လှမ်းပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။
 
ဗိုလ်ဒဿဟာ လမ်းကြောင်းအခြေနေကို သူ့အဖွဲ့တွေဆီ စကားပြောစက်နဲ့ လှမ်းပေါက်ရင်း လမ်းကြောင်းရှင်း၊ မရှင်း မေးမြန်းရာမှာ စစ်ကောင်စီတပ်ရဲ့ စကားပြောစက်က ကြားဖြတ်ဖမ်းယူရရှိပြီး လမ်းကြောင်းရှင်းတယ်ဆိုတာကြောင့် ပြန်အလာမှာ ပစ်ခတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
 
“ ကျည်ယူလာပြီး (ဆိုင်ကယ်နဲ့)အပြန်မှာ နဂါးတွင်း (ရွာ)နားက ညောင်ပင်နားလေးအတက်မှာ စစ်ကောင်စီဘက်ကနေ လှမ်းပစ်တာ။ ဗိုလ်ဒဿက လမ်းကြောင်းအခြေနေကို အဖွဲ့တွေဆီ Icon လှမ်းပေါက်ရင်း စစ်ကောင်စီတပ်တွေရဲ့ Iconနဲ့ ညိပြီး ရှင်းတယ်ဆိုတာကြောင့် ပြန်အလာမှာ ပစ်ခတ်ခံခဲ့ရတာဖြစ်တယ် ” လို့ မချယ်က ပြောပါတယ်။
 
Monywa UG တပ်ပေါင်းစုအဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ဒဿကို စစ်ကောင်စီတပ် ကင်းပုန်းနဲ့တိုးပြီး အခုလို တိုက်ပွဲမရှိဘဲ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီတပ်တွေဟာ ဗိုလ်ဒဿရဲ့ ပေါင်ကို အရင်ပစ်ခတ်ပြီးမှ အနီးကပ် ခေါင်းကို တေ့ပစ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
 
“ ဗိုလ်ဒဿရဲ့ဆိုင်ကယ်တူးဗောက် (Tool Box)မှာ ပါတဲ့ ယူနီဖောင်း အကြမ်းဆယ်စုံ၊ ကျည်ကာ နှစ်ထည်နဲ့ ကျည်အတောင့်နှစ်ဆယ်အပါအဝင် သူစီးလာတဲ့ ဆိုင်ကယ်နဲ့ ဌာနေရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်တစီးကိုပါ စစ်ကောင်စီက သိမ်းယူသွားခဲ့တယ် ” လို့ သူမကပြောပါတယ်။
 
စစ်ကောင်စီစစ်ကြောင်းတွေဟာ အဲဒီရွာထဲမှာ ရှိနေသေးတာကြောင့် ပြောက်ကျားအဖွဲ့ခေါင်းဆောင် ဗိုလ်ဒဿရဲ့ ရုပ်အလောင်းကို ဒီကနေ့မနက် ၈ နာရီခွဲမှာပဲ အလျင်စလို အမိန့်ပြန်ပြီး သဂြိုလ်ခဲ့ရတယ်လို့လည်း သိရပါတယ်။
 
ဗိုလ်ဒဿရဲ့ ဈာပနအခမ်းအနားကို ဒေသခံ ၅ဝ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ဝ ဦးတို့ တတ်ရောက်ခဲ့ကြပြီး Monywa The Boys တပ်ဖွဲ့ခေါင်းဆောင် ဒေါနမောင်မော င်က အမိန့်ပြန်တမ်း ကြေငြာခဲ့တယ်လို့လည်း သိရပါတယ်။
 
“ သူမရှိတော့ဘူးဆိုပေမဲ့ ကျွန်မတို့တွေ စိတ်ဓာတ်ကျနေလို့လည်း မဖြစ်ဘူးလေ။ ဒါကြောင့်မို့ ပြည်သူကိုရော ကျန်ခဲ့တဲ့ ရဲဘော်တွေရော ခေါင်းဆောင်ဗိုလ်ဒဿ ကျပေမဲ့ နောက်ထပ် ဗိုလ်ဒဿတွေ ကျန်ပါသေးတယ်၊ နောက်မဆုတ်ကြပါနဲ့၊ စိတ်ဓာတ်မကျကြဘဲ ဆထက်တပိုး တိုးပြီး ဆက်လက်တော်လှန်သွားကြမယ် ” လို့ မချယ်ကပြောပါတယ်။ 
ဓာတ်ပုံ – CJ