မက်ဂွိုင်းယားရဲ့ အနာဂတ်ကို ကစားသမားကိုယ်တိုင် ဆုံးဖြတ်ရမယ်လို့ တန်ဟက်ဂ်ပြော

မေ၊ ၃၀

အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယား အနေနဲ့ ကိုယ့်အနာဂတ်အတွက် ကိုယ်တိုင် တိတိကျကျ ဆုံးဖြတ်ဖို့ လိုလိမ့်မယ်လို့ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဲရစ် တန်ဟက်ဂ်က ပြောကြားခဲ့ပါတယ်။

 မက်ဂွိုင်းယားဟာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်အဖြစ် သတ်မှတ် ခံထားရပေမယ့် နယ်သာလန်သား မန်နေဂျာရဲ့ လက်ထက်မှာတော့ သူ့ရဲ့ အခန်းကဏ္ဍက သိသိသာသာ ကျဆင်းလာပြီး အရန်လူ အနေနဲ့သာ အဓိက သတ်မှတ် ခံထားရပါတယ်။ သူဟာ ဒီရာသီမှာ လီဆန်ဒရို မာတီနက်ဇ်နဲ့ ရာဖာရဲလ် ဗာရာနေးတို့ ခံစစ်အတွဲရဲ့ အရန်အဖြစ်သာ နေရာရခဲ့ပြီး ပရီးမီးယားလိဂ် ၃၈ ပွဲမှာ ၁၆ ပွဲသာ ကစားခွင့် ရခဲ့ပါတယ်။

 အသက် ၃၀ အရွယ် အင်္ဂလန် လက်ရွေးစင်ဟာ ပွဲထွက်ခွင့် နည်းပါးသွားတဲ့နောက် ယူနိုက်တက်ကို စွန့်ခွာဖွယ် ရှိနေကြောင်း သတင်းတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။ သူဟာ ၂၀၁၉ ခုနှစ်တုန်းက ခံစစ်မှူး တဦးအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၈၅ သန်းနဲ့ လက်စတာစီးတီးဆီကနေ ပြောင်းရွှေ့လာခဲ့တာပါ။ ယူနိုက်တက်နဲ့ သူ့ရဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်ထိ သက်တမ်း ရှိနေဆဲ ဖြစ်ပါတယ်။

 လက်ရှိ အနေအထားမျိုးကို ဘယ်သူမှ ပျော်နေမှာ မဟုတ်ကြောင်း၊ မက်ဂွိုင်းယားရဲ့ ခံစားချက်ကိုလည်း နားလည်ပေးနိုင်ကြောင်း၊ မက်ဂွိုင်းယားဟာ လေ့ကျင့်ရေး အစီအစဉ်တွေမှာ ဘယ်တုန်းကမှ ပေါ့ပေါ့ဆဆ မရှိခဲ့ဘဲ ၁၀၀ ရာခိုင်နှုန်း အားစိုက်တတ်သူ ဖြစ်ကြောင်း၊ ဒီအခြေအနေကို မက်ဂွိုင်းယား အနေနဲ့ ကောင်းကောင်း ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်သလို သူ့ရဲ့ ခေါင်းဆောင်မှု စွမ်းရည်က အသင်းအတွက် အရေးပါနေဆဲဖြစ်ကြောင်း တန်ဟက်ဂ်က မှတ်ချက် ပေးခဲ့ပါတယ်။

 မက်ဂွိုင်းယားဟာ အခုရာသီမှာ အတော်လေး လူပြောစရာ ဖြစ်လောက်တဲ့ အမှားတချို့ ကျူးလွန်မိခဲ့ပြီး အထူးသဖြင့် ဥရောပ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ဆဗီးလားကို ၃-၀ နဲ့ အရေးနိမ့် ထွက်ခွာခဲ့တဲ့ ပွဲစဉ်မှာ သူ့ရဲ့ လွဲချော်မှုတွေအပေါ် ပရိသတ်တွေ အကြီးအကျယ် စိတ်ပျက်ခဲ့ကြပါတယ်။

 တန်ဟက်ဂ်ကတော့ မက်ဂွိုင်းယားဟာ ခံစစ်နေရာအတွက် ဗာရာနေးကို အကောင်းဆုံး ဖိအားပေး ယှဉ်ပြိုင်နိုင်သူဖြစ်ပြီး အသင်းမှာ ဆက်ရှိနေမယ် ဆိုရင်လည်း ဝမ်းသာမိမှာဖြစ်ကြောင်း၊ ဒါပေမဲ့ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ မက်ဂွိုင်းယား ကိုယ်တိုင်ပဲ ဆုံးဖြတ် ရွေးချယ်ရမှာဖြစ်ကြောင်း မှတ်ချက် ပေးသွားခဲ့ပါတယ်။

 လာမယ့်ရာသီ အသင်းမှာ မက်ဂွိုင်းယား ဆက်ရှိမရှိ ဆိုတာကို တန်ဟက်ဂ်က တိတိကျကျ မပြောပေမယ့် အသက် ၃၂ နှစ်အရွယ် ဂိုးသမား ဒေးဗစ် ဒဟေးယားကတော့ ၂၀၂၃-၂၄ ဘောလုံးရာသီမှာ အသင်းကို ဆက်ပြီး ကိုယ်စားပြုနေဦးမယ်လို့ ဆိုပါတယ်။ ဒဟေးယားက သူ့ရဲ့ နံပါတ်တစ် ဂိုးသမားလို့ သတ်မှတ်နိုင်ကြောင်း၊ တဖက်မှာလည်း ယူနိုက်တက်လို အသင်းမျိုးဟာ နေရာတိုင်းအတွက် ယှဉ်ပြိုင်မှုတွေ ရှိနေဖို့ လိုအပ်ကြောင်း တန်ဟက်ဂ်က ပြောကြားသွားပါတယ်။

 ယူနိုက်တက်ဟာ အခု သီတင်းပတ်ကုန်ကျရင် ခါးသီး မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင် ကစားရမှာပါ။ စီးတီးဟာ ၁၉၉၉ ခုနှစ်မှာ ယူနိုက်တက် ရယူပြခဲ့ဖူးတဲ့ တရာသီအတွင်း အဓိက ဆုဖလား ၃ လုံး သိမ်းကြုံးဆွတ်ခူးတဲ့ အောင်မြင်မှုမျိုးနဲ့ လက်တကမ်း အလိုထိ နီးစပ်နေပြီး ဒါကို တားဆီးဖို့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ယူနိုက်တက်က ကြိုးစားသွားရမှာ ဖြစ်ပါတယ်။