ရက်ရှ်ဖို့ဒ်နဲ့ စာချုပ်သစ်ကိစ္စ အဆင်ပြေမယ်လို့ တန်ဟက်ဂ် ယုံကြည်

မေ၊ ၂၀

နှောင့်နှေးမှုတချို့ ရှိနေပေမယ့် တိုက်စစ်မှူး မားကက်စ် ရက်ရှ်ဖို့ဒ်ကို အမြန်ဆုံး သက်တမ်းတိုး စာချုပ်နိုင်မယ်လို့ ယုံကြည်ထားကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဲရစ်တန်ဟက်ဂ်က ပြောပါတယ်။

 

အင်္ဂလန် လက်ရွေးစင် ရက်ရှ်ဖို့ဒ်ဟာ ကစားသမားဘဝ အတောက်ပဆုံး ကာလတခုကို ဖြတ်သန်းနေပြီး လက်ရှိဘောလုံးရာသီမှာ သူ့ရဲ့ ငယ်မွေးခြံပေါက် ကလပ်အတွက် စုစုပေါင်း ၂၉ ဂိုးထိ သွင်းယူထားပါတယ်။ သူ့ကို အသင်းက သက်တမ်းတိုး စာချုပ် ကမ်းလှမ်းထားပေမယ့် လောလောဆယ်မှာ အချက်အလက်တွေ ညှိနှိုင်းမှု မပြီးပြတ်သေးဘဲ ကြန့်ကြာနေပါတယ်။

 

နယ်သာလန်သား မန်နေဂျာ တန်ဟက်ဂ်ကတော့ အသက် ၂၅ နှစ်အရွယ် ကစားသမားကို အသင်းမှာ ဆက်ရှိစေချင်သလို တကယ်လည်း ဆက်ထိန်းထားနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

 

ဘွန်းမောက်သ်နဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ တန်ဟက်ဂ်က ကစားသမားတွေနဲ့ စာချုပ်ကိစ္စ ညှိရတယ်ဆိုတာ အချိန်ယူရမယ်မှန်း နားလည်ကြောင်း၊ ဒါပေမဲ့ ဘာတွေ ဆွေးနွေးနေတယ် ဆိုတာကိုတော့ မပြောလိုကြောင်း၊ အခုလောလောဆယ် အရေးကြီးတာက သူ့အနေနဲ့ ရာသီမသိမ်းခင် ဂိုးတွေ ပိုသွင်းဖို့ဖြစ်ပြီး သူရော၊ အသင်းပါ အံ့ဩစရာ ဘောလုံးရာသီ တခုကို ဖြတ်သန်းနိုင်ခဲ့ကြောင်း ပြောကြားသွားပါတယ်။

 

လက်ရှိအချိန်မှာ အသင်းဟာ လာမယ့်ရာသီ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့် ရရေးအတွက် အမှတ်ပေးဇယား ထိပ်ဆုံး ၄ နေရာမှာ ပါဝင်ဖို့ကို အလေးအနက် အာရုံစိုက်ထားရမယ်လို့လည်း တန်ဟက်ဂ်က ဝန်ခံပါတယ်။ အသေအချာ ပြောနိုင်တာ တခုက ရက်ရှ်ဖို့ဒ်က အသင်းမှာ ဆက်နေချင်သလို အသင်းကလည်း သူ့ကို လိုလားကြောင်း တန်ဟက်ဂ်က မှတ်ချက် ပေးခဲ့ပါတယ်။

 

ရက်ရှ်ဖို့ဒ်ဟာ အဖျားရောဂါ နာလန်ထစဖြစ်ပြီး ဘွန်းမောက်သ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်မယ့် ပွဲစဉ်အတွက် ပါဝင်နိုင်ဖို့ မသေချာသေးကြောင်းလည်း တန်ဟက်ဂ်က ပြောကြားသွားပါတယ်။ ယူနိုက်တက်ဟာ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ပဉ္စမ နေရာက လီဗာပူးရဲ့ တရစပ် ဖိအားပေးမှုကို ခံနေရသလို လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် လက်ကျန်ပွဲစဉ်တွေမှာ အမှားခံလို့ မရတဲ့ အခြေအနေမျိုးနဲ့ ကြုံနေရပါတယ်။