ဒဂုံဆိပ်ကမ်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် သုံးဦးပစ်သတ်ခံရပြီး လူငယ်အချို့ဖမ်းဆီးခံရ

မေ၊ ၂၂
 
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၈၈ ရပ်ကွက်မှာ ဒီကနေ့မနက်ပိုင်းက အုပ်ချုပ်ရေးမှူးဖြစ်သူ တောက်တဲ့ (ခ)ဇော်လွင်အပါအဝင် သုံးဦးကို ပစ်သတ်ခံရမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေက ပစ်ခတ်မှုနဲ့မသက်ဆိုင်တဲ့ လူငယ်အချို့ကို ဖမ်းဆီးမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
” ဖြစ်တာက ၁၀ နာရီခွဲလောက်မှာဖြစ်တာ။ ပစ်ခတ်တဲ့လူငယ်တွေလည်း လုံခြုံတဲ့နေရာကို ရောက်နေလောက်ပြီ။ ဒါကို စစ်ကောင်စီတပ်တွေက တမြို့နယ်လုံးကိုပိတ်ဆို့ရှာပြီး ကျွန်တော်တို့ လှည်းကူးဘက်အထွက် လမ်းမှာတွေတဲ့ လူငယ်တွေကို စစ်ဆေးပြီး ဖမ်းသွားတာတွေ့လိုက်တယ်။ သူတို့ဖမ်းသွားတဲ့လူငယ်တွေက ကျပန်းအလုပ်သမားလေးတွေ။ ဘာမှမဆိုင်တဲ့လူတွေကို ဖမ်းသွားတာ ” လို့ ဒဂုံဆပ်ကမ်းမြို့နယ်၊ အမှတ် ၈၈ ရပ်ကွက်နေ ဒေသခံတဦးက ပြောပါတယ်။
 
ဖမ်းဆီးခံရတဲ့ လူငယ်အရေအတွက်၊ ဘယ်သူတွေဆိုတာနဲ့ ဘယ်ကိုဖမ်းဆီးသွားတယ်ဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး။
 
ဒီကနေ့ မနက် ၁၀နာရီခွဲခန့်အချိန်က ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ အမှတ် ၈၈ ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်သူ တောက်တဲ့ (ခ)ဇော်လွင်အပါအဝင် သုံးဦးကို အမည်မသိလက်နက်ကိုင်ဆောင်ထားသူတွေက သေနတ်နဲ့အချက် ၂၀ ခန့် ပစ်ခတ်ခဲ့တဲ့အတွက် သုံးဦးလုံး နေရာမှာတင်ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်တဲ့သူတွေဟာ ဘယ်အဖွဲ့ကဆိုတာလည်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
 
လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေက ဒဂုံဆိပ်ကမ်းမြို့နယ်ရဲ့ အဝင်၊ အထွက်တွေဖြစ်တဲ့ လှည်းကူးမြို့နယ်ရဲ့မြောက်ဘက်၊ ဒဂုံမြို့သစ်တောင်ပိုင်းနဲ့ သာကေတမြို့နယ်ဘက် အထွက်လမ်းတွေကို ပိတ်ဆို့ရှာဖွေတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
သေဆုံးခဲ့တဲ့ ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး တောက်တဲ့ (ခ)ဇော်လွင်အပါအဝင် သုံးဦးဟာ ကြက်တိုက်လောင်းကစားလုပ်ဖို့ သွားရာလမ်းမှာ အခုလိုပစ်ခတ်ခံရတာဖြစ်တယ်လို့လည်း ရပ်ကွက်နေ ဒေသခံတဦးက ပြောပါတယ်။
 
” သူက အုပ်ချုပ်ရေးမှူး အရမ်းလုပ်ချင်နေတာ။ ဒီမှာက ကြက်ဝိုင်းတွေပေါတယ်။​၂လုံး၊ ၃လုံးလည်း ပေါတယ်။ ပြောရရင် လောင်းကစား၊ မူးယစ်ဆေး အားလုံးပေါတယ်။ အဲ့တော့ သူကလိုင်း​တွေတောင်းပြီး ခွင့်ပြုထားတဲ့အပြင် သူကိုယ်တိုင်က ကြက်တိုက်တာဝါသနာပါတယ်လေ၊ အခုလည်း ကြက်တိုက်ဖို့အသွားမှာ အပစ်ခံရတာ။ ရာအိမ်မှူးနှစ်ဦးလည်း ပါတယ် ” လို့ ရပ်ကွက်နေဒေသခံတဦးက ပြောပါတယ်။
 
လက်ရှိပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး တောက်တဲ့ (ခ)ဇော်လွင်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူး ခင်ဦးနဲ့ ဒုတိယအုပ်ချုပ်ရေးမှူး သိန်းဇော်တို့ ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် ၈၈ ရပ်ကွက်ရဲ့ သုံးယောက်မြောက်အုပ်ချုပ်ရေးမှူးဖြစ်တယ်လို့လည်း သိရပါတယ်။
 
ပျူစောထီးခေါင်းဆောင်လည်းဖြစ်တဲ့ တောက်တဲ့ (ခ)ဇော်လွင်ဟာ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလက မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေက သူ့ရဲ့နေအိမ်ကို ဝင်ပစ်ခဲ့ပေမယ့် လွတ်မြောက်ခဲ့တယ်လို့ သတင်းအချို့မှာ ဖော်ပြထားပါတယ်။
 
စစ်ကောင်စီအာဏာသိမ်းချိန်ကနေ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး စတဲ့အုပ်ချုပ််ရေးပိုင်းက ၇၄၄ ဦး အပါအဝင် လူပေါင်း ၅၄၄၇ ဦး ဟာ တိုင်းရင်သားလက်နက်ကိုင်တွေနဲ့ PDF တွေလက်ချက်နဲ့ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 
ဓာတ်ပုံ – CJ