ဂန့်ဂေါမြို့မှာ စစ်ကောင်စီစစ်ကြောင်း ရောက်လာနိုင်တယ်ဆိုပြီး ဒေသခံထောင်ချီ ကြိုတင်တိမ်းရှောင်

မေ၊ ၃၀
 
မကွေးတိုင်း၊ ဂန့်ဂေါမြို့ က ကန်ရွာရဲ့ အရှေ့ဘက်ကို စစ်ကောင်စီရဲ့ ခ.လ.ရ (၅၀) တပ်ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကန်ရွာရဲ့ အရှေ့ဘက်ကို ရောက်ရှိနေတာကြောင့် ဒီကနေ့ မေ ၃၀ ရက်မှာ ကန်ရွာနဲ့ ကန်သာ ကျေးရွာတွေက အရပ်သားတွေ ထောင်ချီပြီး တိမ်းရှောင်ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” အနောက်ဘက်တောတွေ၊ ဘုန်းကြီးကျောင်းတွေ ရှောင်ကြတယ်။ စစ်ကြောင်းက ရွာအရှေ့ဘက်တောင်ကို ရောက်နေပြီ။ လက်နက်ကြီးသံတွေ ကြားနေရပြီ။ ရွာကို ဝင်မယ်ထင်တယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
လက်နက်ကြီးပစ်ခတ်သံတွေ တချက်တချက်ကြားနေရပေမယ့် တိုက်ပွဲ ဖြစ်၊ မဖြစ် အတည်မပြုနိုင်သေးဘူးလို့လည်း ပြောပေမဲ့ စစ်ကောင်စီစစ်ကြောင်း ကျေးရွာအနီး ရောက်လာတာကြောင့် ဘေးလွတ်ရာကို ရှောင်တိမ်းကြတာဖြစ်ပါတယ်။
 
” ကန်သာကတော့ ရွာလုံးကျွတ်နီးပါး ရှောင်ကြတယ်။ ကန်ရွာကလည်း အများစု ရှောင်ကြတယ်။ မရှောင်သေးတဲ့သူတွေက ဒီကနေ့ညနေ မရှောင်သေးတာ၊ မနက်ဖြန်မနက်မှ အခြေအနေကြည့်ပြီး ပြေးမယ်ပြင်ထားကြတာ ” လို့ ဒေသခံတဦးက ဆိုပါတယ်။
 
ကန်ရွာနဲ့ ကန်သာကျေးရွာတွေဟာ အိမ်ခြေ ထောင်နဲ့ချီရှိတဲ့ ရွာကြီးတွေဖြစ်တဲ့အတွက် လတ်တလောမှာ ဒေသခံစုစုပေါင်း ငါးထောင်ဝန်းကျင်ဟာ စစ်ကောင်စီစစ်ကြောင်း လာမှာစိုးရိမ်လို့ ကြိုတင်ပြီး တိမ်းရှောင်နေကြတာပါ။
 
ဒေသခံ တော်လှန်ရေးအင်အားစုတွေကတော့ ဂန့်ဂေါမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခ.လ.ရ (၅၀) တပ်ရင်း စစ်ကြောင်းဟာ မေ ၂၅ ရက်နေ့ကစ ကန်ရွာဘက်ကို ဦးတည်စစ်ကြောင်းထွက်လာတာ ဖြစ်တယ်လို့လည်း ပြောဆိုကြပါတယ်။
 
” ကန်ရွာ အရှေ့ဘက်ဝန်းကျင် ရောက်နေတာက သုံးရက်လောက်ရှိပြီ။ ဟိုသွားမှာ လိုလို၊ သည်ထွက်မှာလိုလိုနဲ့ အရောင်ပြနေတာ။ ဒီနေ့မှ ကန်ရွာဘက်ကို ဦးတည်လာတာ။ တိုက်ပွဲဖြစ်နိုင်ခြေရှိပါတယ် ” လို့ ဂန့်ဂေါမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်က ကန်ရွာရဲစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီအဖွဲ့ဝင် (၄၅)ယောက် သေဆုံးပြီး ဆယ်ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့သလို စခန်းရဲ့ ၇၅ ရာခိုင်နှုန်းကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
 
အဲဒီနောက် စစ်ကောင်စီက လေကြောင်းကနေ အင်အားဖြည့်တင်းတာတွေ ပြုလုပ်ပြီး ကန်ရွာရဲစခန်းနဲ့ အနီးဝန်းကျင်အိမ်တွေမှာ အခြေချနေထိုင်တာတွေ ပြုလုပ်တဲ့အတွက် အဲဒီအနီးတဝိုက်က ဒေသခံတွေဟာ ဘေးလွတ်ရာ သွားရောက်နေထိုင်ခဲ့တာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ကန်ရွာ စခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားစဉ်က ရွာခံတွေဟာ တပတ်နီးပါး ကျေးရွာကို စွန့်ခွာတိမ်းရှောင်ခဲ့ကြရပြီးနောက် နှစ်လအကြာမှာ စစ်ကောင်စီစစ်ကြောင်း လာနေတာကြောင့် ကန်ရွာနဲ့ ကန်သာရွာက အရပ်သားတွေဟာ တောရဘုန်းကြီးကျောင်းတွေနဲ့ တောတောင်တွေထဲကို ထပ်မံတိမ်းရှောင်ရတာဖြစ်ပါတယ်။
 
” စခန်းကို အတိုက်ခံရပြီး နောက်ပိုင်း သူတို့ရွာထဲမှာ အရင်လို မသောင်းကျန်းရဲတော့ဘူး။ သူတို့နည်းနည်း လှုပ်တာနဲ့ ကလေးတွေကလည်း လက်နက်ကြီးနဲ့ ထုတာ၊ ဒရုန်းနဲ့ ဗုံးချတာတွေ လုပ်တာကိုး။ ခုလာတဲ့ စစ်ကြောင်းက ကြမ်းမယ်လို့ ကြားထားတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။ 
ဓာတ်ပုံ – Google