အဆိုတော်ဗျူဟာကို စစ်ကောင်စီက တခြားပုဒ်မတွေနဲ့ ထပ်တိုးတရားစွဲဖွယ်ရှိနေ

မေ၊ ၃၀
 
အဆိုတော်ဗျူဟာကို လူမှုကွန်ရက်မျက်နှာပေါ်မှာ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့လို့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ် ၅၀၅ – (က)အပြင် တခြားပုဒ်မတွေနဲ့လည်း ထပ်မံတရားစွဲဖို့ လုပ်ဆောင်နေတယ်လို့ အင်းစိန်အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက DNA ကိုပြောပါတယ်။
 
” မနေ့က ပုဒ်မ ၅၀၅ -(က)နဲ့ တရားစွဲပြီး ထပ်ပြီး ချုပ်ရက်ရမာန်ထပ်ယူတယ်လေ။ ဆိုလိုတာက ထပ်ပြီး တရားစွဲဖို့ ကျန်သေးတယ်ဆိုတဲ့ သဘော။ ထပ်စွဲဖို့လည်း သူ့တို့ပြင်နေတယ်။ ဒီတခါရုံးထုတ်ရင်တော့ အတိအကျသိရမှာပါ ” လို့ အင်းစိန်အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
တေးရေးဆရာ နိုင်မြန်မာ ရဲ့ သားဖြစ်သူ အသက် ၃၈ နှစ်အရွယ် အဆိုတော်ဗျူဟာ (ခေါ်) ကိုမင်းအုပ်မြန်မာ ဟာ လျှပ်စစ်မီးပုံမှန်မရရှိတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး စစ်ခေါင်းဆောင်နဲ့ လျှပ်စစ်ဝန်ကြီးတို့ကို ဒီလ ၂၃ ရက်က လူမှုကွန်ရက်မှာ Live လွှင့်ဝေဖန်ခဲ့တာပါ။
 
အဲ့ဒီရုပ်သံဖိုင်ထဲမှာ အဆိုတော်ဗျူဟာက စစ်ကောင်စီလက်ထက် တနေ့ကို လျှပ်စစ်မီး ငါး နာရီခြားတခါကိုတောင် ပုံမှန်မပေးနိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်က လျှပ်စစ်မီး ၂၄ နာရီ ရတဲ့အကြောင်းနဲ့ မီတာခပါ လျှော့ပေးခဲ့တာကို ထည့်ပြောခဲ့တဲ့အပြင် စစ်ခေါင်းဆောင်ကိုလည်း အရည်အချင်းမရှိတဲ့သူလို့ ဝေဖန်ပြောကြားခဲ့ပါသေးတယ်။
 
စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေက နောက်တရက် ဒီလ ၂၄ ရက်မှာတော့ အဆိုတော်ဗျူဟာကို အသက် ၃၁ နှစ်အရွယ် ဇနီးသည်၊ အသက် ဆယ်နှစ်အရွယ် သမီးတဦး၊ အသက် ရှစ်နှစ်အရွယ် သားတဦးတို့နဲ့အတူ နေထိုင်တဲ့ မြောက်ဒဂုံက ဗထူးအိမ်ယာကို လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။
 
စစ်ကောင်စီဟာ သူ့ကို ဖမ်းဆီးပြီး ငါးရက်အကြာ မေ ၂၉ ရက်မှာ မြောက်ဒဂုံမြို့နယ် တရားရုံးမှာ အမြင့်ဆုံး ထောင်ဒဏ်သုံးနှစ် ချမှတ်နိုင်တဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-(က)နဲ့ ရုံးထုတ်တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။
 
စစ်ကောင်စီဟာ အဆိုတော်ဗျူဟာရဲ့ဖခင်အသက် ၆၅ နှစ်အရွယ် တေးရေး၊ တေးဆို နိုင်မြန်မာကို မကြာသေးခင်က အိမ်မှာသွားဖမ်းပေမဲ့ ရှောင်တိမ်းနေတဲ့အတွက် ဇနီးဖြစ်သူ ဒေါ်ဝါဝါလွင်ကို မြောက်ဒဂုံရဲစခန်းမှာ ဆယ်နာရီလောက် စစ်ဆေးခဲ့သေးတယ်လို့ သိရပါတယ်။
 
စစ်ကောင်စီတပ်တွေက မေ ၂၄ ရက်မှာ အဆိုတော်ဗျူဟာကို ဖမ်းဆီးခဲ့ပြီးနောက် ဝါဒဖြန့်ချန်နယ်တွေမှာ မျက်နှာဖူးရောင်ဒဏ်ရာများ၊ နှုတ်ခမ်းဒဏ်ရာတွေနဲ့အတူ လက်နောက်ပြန် လက်ထိပ်ခတ်ထားတဲ့ ပုံတွေကို ဖြန့်ဝေခဲ့တာလည်း ရှိခဲ့ပါတယ်။
 
အဲ့ဒီလိုဖြန့်ဝေခဲ့ပြီးနောက်မှာတော့ အဆိုတော်ဗျူဟာ သေဆုံးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် မိသားစုဝင်တွေကလည်း စိုးရိမ်မှုတွေရှိခဲ့ပေမဲ့ လက်ရှိမှာ အဆိုတော်ဗျူဟာက မြောက်ဒဂုံရဲစခန်းမှာ ရှိနေပြီး ဒဏ်ရာတွေ သက်သာလာပြီလို့လည်း သတင်းအချို့မှာ ဖော်ပြထားပါတယ်။
 
လက်ရှိရင်ဆိုင်နေရတဲ့ အမှုအတွက် ရှေ့နေမငှားဘဲ ကိုယ်တိုင်ထုချေမှာဖြစ်ပြီး လာမယ့်ဇွန်လ ၉ ရက်မှာ နောက်ထပ်ရုံးချိန်း ထပ်မံချိန်းဆိုထားတယ်လို့ လွတ်လပ်တဲ့အာရှအသံ RFA မြန်မာပိုင်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
 
” တရားစွဲဖို့ မရှိတော့ဘူးဆိုရင် ရုံးထုတ်စစ်ဆေးဖို့ပဲ ရှိတော့တာလေ။ အခုဟာက ချုပ်ရက်ရမာန်ထပ်ယူတယ်ဆိုကတည်းက ပုဒ်မထပ်ကပ်တော့မှာပဲလေ ” လို့ အဲ့ဒီ အင်းစိန်အကျဉ်းထောင်နဲ့ နီးစပ်သူက ပြောပါတယ်။ 
ဓာတ်ပုံ – Social Media