မေ၊ ၁၄
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ရာသီမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းနေတာ ၂ ရက်ခန့်ရှိပြီဖြစ်ပြီး စစ်ကောင်စီကလည်း ကနီမြို့အောက်ဘက် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်စစ်ကြောင်းထိုးမှုတွေကြောင့် ကျေးရွာအုပ်စု ၅ စုက ဒေသခံပေါင်း တသောင်းသုံးထောင်ကျော်ဟာလည်း မိုးထဲရေထဲမှာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ရှောင်တွေထပ်တိုးလာနိုင်တယ်လို့လည်း ကနီမြို့နယ်က စစ်ရှောင်ကူညီသူ ကိုပြည့်အောင်နိုင်က သူရဲ့လူမှုကွန်ရက်မှာ ဓါတ်ပုံမှတ်တမ်းတွေနဲ့ တကွဖော်ပြထားပါတယ်။
‘’မိုးလင်းကတည်းက ပစ်တဲ့ခတ်တဲ့ အသံတွေကြားနေရတာ၊ အခုကမိုးသည်းနေတာဘယ်မှလည်းထွက်လို့မရဘူး။ ဒီမိုးနဲ့ပြေးလို့လည်း မရတော့ဘူး’’ လို့ ကနီမြို့စစ်ရှောင်တဦးက DNA ကိုပြောပါတယ်။
ရခိုင်ကမ်းရိုးတမ်းကို ဗဟိုပြုပြီး မြန်မာ့ကုန်းတွင်းပိုင်းကို ဝင်ရောက်လာမယ်လို့ ခန့်မှန်းထားတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ စစ်ကိုင်းနဲ့ မကွေးတိုင်းက ဒေသတချို့ကို ဖြတ်သန်းမယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်ထားပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) မိုခါ (MOCHA) ဟာ စစ်ကိုင်းနဲ့ မကွေးမှာတော့ မုန်တိုင်းငယ်အဖြစ် ဝင်ရောက်မှာဖြစ်တယ်လို့ မိုးလေဝသပညာရှင်တွေက သုံးသပ်ထားပြီး မိုးများနိုင်တယ်လို့လည်း မိုးလေဝသပညာရှင်တွေက သုံးသပ်ထားကြပါတယ်။
စစ်အာဏာသိမ်းကတည်း နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက ဒေသအများစုမှာတော့ ဖုန်းနဲ့အင်တာနက်လိုင်းတချို့ အဖြတ်ခံထားရတာကြောင့် ဒေသခံတချို့ကတော့ မုန်တိုင်းသတင်းသတိပေးချက်တွေ ကြိုတင်မရမှာကိုလည်း စိတ်ပူပန်မှုတွေရှိနေပါတယ်။
ဓာတ်ပုံ – Pyae Aung Naing/Facebook