မေ၊ ၁၀
၁၈ နှစ်ကြာ ကျင်လည် ဖြတ်သန်းခဲ့တဲ့နောက် ဘာစီလိုနာ အသင်းကို ကျောခိုင်း စွန့်ခွာတော့မယ်လို့ အသင်းခေါင်းဆောင် ဆာဂျီယို ဘုရှ်ကွက်စ်က အတည်ပြု ပြောကြားခဲ့ပါတယ်။
စပိန် လက်ရွေးစင်ဟောင်း ကွင်းလယ် ကစားသမားဟာ အသက် ၃၄ နှစ် အရွယ်ထိ ဘာစီလိုနာ တသင်းတည်းမှာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝကို ကျင်လည် ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။
အသင်းရဲ့ လာမာစီယာ လူငယ် အကယ်ဒမီကနေ မြေတောင် မြှောက်ပေးလိုက်တဲ့ ဘုရှ်ကွက်စ်ဟာ ဘာစီလိုနာအတွက် စုစုပေါင်း ၇၁၈ ပွဲထိ ကစားပေးခဲ့ပြီး ကလပ်အသင်းရဲ့ သမိုင်းမှာ တတိယမြောက် ပွဲအများဆုံး ကစားသူ ဖြစ်ခဲ့ပါတယ်။
သူဟာ ဘာစီလိုနာ ကစားသမား ဘဝမှာ စပိန် လာလီဂါ အမှတ်ပေး ချန်ပီယံဆုကို ၈ ကြိမ်၊ ကိုပါဒယ်လ်ရေး စပိန် ရှုံးထွက်ဖလား ၇ ကြိမ်၊ စပိန်စူပါဖလား ၇ ကြိမ်နဲ့ ဥရောပ ချန်ပီယံလိဂ် ဆုဖလား ၃ ကြိမ် ဆွတ်ခူးနိုင်ခဲ့ဖူးပါတယ်။
အခုတော့ ရာသီကုန်မှာ သူဟာ အသင်းကို ကျောခိုင်းတော့မယ်လို့ ဘုရှ်ကွက်စ်က အတည်ပြုပါတယ်။ ခက်ခဲလွန်းတဲ့ ဆုံးဖြတ်ချက် ဖြစ်ပေမယ့် သင့်တော်တဲ့ အချိန်ကို ရောက်နေပြီလို့ ခံစားမိတယ်လို့လည်း ဘုရှ်ကွက်စ်က ဆိုပါတယ်။
သူဟာ ၂၀၀၅ ခုနှစ်မှာ ဘာစီလိုနာ လူငယ်အကယ်ဒမီကို ရောက်ရှိခဲ့ပြီး နောက်ထပ် ၃ နှစ် အကြာမှာတော့ ဘာစီလိုနာ အသင်းကြီးအတွက် စတင် ပွဲထွက်ခွင့် ရလာခဲ့ပါတယ်။ ဘုရှ်ကွက်စ်ဟာ မျိုးဆက်တခုစာအတွင်း စံပြုထိုက်တဲ့ ကွင်းလယ်ခံစစ်သမား တယောက်အဖြစ်လည်း သတ်မှတ် ခံခဲ့ရပါတယ်။
ဘာစီလိုနာနဲ့အတူ ဖြတ်သန်းခဲ့မှုတွေဟာ မမေ့နိုင်တဲ့ ခရီးမျိုးဖြစ်ကြောင်း၊ သူငယ်ငယ်လေးကတည်းက ဘာစီလိုနာ ဂျာစီကို ဝတ်ပြီး အသင်းအတွက် ဂုဏ်ယူစိတ် အပြည့်နဲ့ ကစားပေးချင်ခဲ့ကြောင်း၊ ကံကောင်းစွာနဲ့ပဲ တကယ့် လက်တွေ့ ဖြတ်သန်းမှုတွေဟာ သူမျှော်လင့်ထားတာထက် အများကြီး ခမ်းနားခဲ့ကြောင်း ဘုရှ်ကွက်စ်က ဆက်ပြောပါတယ်။
ဘာစီလိုနာမှာ ကစားဖို့ဆိုတာ အိပ်မက်တခု၊ ဂုဏ်ယူစရာ အခွင့်အရေးတခုဖြစ်ပြီး ဒီအသင်း တံဆိပ်ရဲ့ ဂုဏ်သရေကို ကာကွယ်ပေးဖို့ ဆိုတာဟာ သူ့အတွက် အရာခပ်သိမ်း အဓိပ္ပါယ် လေးနက်ခဲ့ကြောင်း၊ ဒါပေမဲ့ ဖြစ်စဉ်တိုင်းမှာ အစရှိရင် အဆုံးသတ်ကိုလည်း ရောက်လာမှာ ဓမ္မတာပဲဖြစ်ကြောင်း၊ ဘာစီလိုနာမှာ ပထမဆုံး စရောက်တဲ့ နေ့ကစလို့ သူ့ကို အကူအညီပေးခဲ့သူ အားလုံးကို ကျေးဇူးတင်ကြောင်း ဘုရှ်ကွက်စ်က ပြောကြားသွားပါတယ်။
သူဟာ ပရော်ဖက်ရှင်နယ် ပွဲဦးထွက် ကစားသမားဘဝ စတင်ချိန်နောက်ပိုင်း ၁၅ ရာသီအတွင်း ဘာစီလိုနာအတွက် ၁၈ ဂိုးသွင်းပြီး အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင် အကြိမ်ပေါင်း ၄၀ ပံ့ပိုးပေးထားပါတယ်။ ဘာစီလိုနာ အသင်းက ဘုရှ်ကွက်စ်ရဲ့ ကာလရှည်ကြာ ပေးဆပ်မှုကို ကျေးဇူးတင်ကြောင်းနဲ့ သူဟာ အသင်းအတွက် ကိုယ်စားပြုပေးဖူးတဲ့ အကောင်းဆုံး ကစားသမားတွေထဲက တဦးလို့လည်း ချီးကျူး ကြေညာခဲ့ပါတယ်။
ဘုရှ်ကွက်စ်ဟာ စပိန်လက်ရွေးစင် ဘဝမှာလည်း ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလားနဲ့ ၂၀၁၂ ဥရောပ ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ဖူးပြီး အသင်းခေါင်းဆောင် တာဝန်ကိုလည်း ရယူခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူဟာ စပိန်အတွက် ၁၄၃ ပွဲ ကစားပေးပြီးတဲ့နောက် မနှစ်က ဒီဇင်ဘာလမှာ လက်ရွေးစင် ဘဝကနေ အပြီးတိုင် အနားယူသွားခဲ့ပါတယ်။