ဝါရင့် ခံစစ်မှူး အယ်လ်ဘာနဲ့ လမ်းခွဲတော့မယ်လို့ ဘာစီလိုနာ ကြေညာ

မေ ၊ ၂၅

ဝါရင့် ခံစစ်မှူးကြီး ယော်ဒီအယ်လ်ဘာနဲ့ နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းတော့မယ်လို့ ဘာစီလိုနာ အသင်းက အတည်ပြု ထုတ်ပြန်သွားခဲ့ပါတယ်။

 အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ အယ်လ်ဘာဟာ ၂၀၁၂ ခုနှစ်မှာ ဗလန်စီယာ အသင်းကနေ ပြောင်းရွှေ့လာခဲ့တာပါ။ သူဟာ ဘာစီလိုနာ ကစားသမား ဘဝမှာ ဘောလုံးရာသီ ၁၁ ခုကြာ ဖြတ်သန်းခဲ့တဲ့နောက် လာလီဂါ အမှတ်ပေး ချန်ပီယံဆု ၆ ကြိမ်၊ ကိုပါဒယ်လ်ရေး ရှုံးထွက်ဖလား ၅ ကြိမ်နဲ့ ဥရောပ ချန်ပီယံလိဂ် ဆုဖလား ၁ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

 သူဟာ အခုရာသီမှာ ၂၉ ပွဲ အပါအဝင် စပိန်ထိပ်တန်း ကလပ်အတွက် စုစုပေါင်း ၄၅၈ ပွဲ ကစားခဲ့ပြီး ဖြစ်ပါတယ်။ ဘာစီလိုနာဟာ လက်ရှိရာသီ လာလီဂါ အမှတ်ပေး ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။

 ဘာစီလိုနာ အတွက်တော့ အသင်းခေါင်းဆောင် ဆာဂျီယို ဘုရှ်ကွက်အပြီး နောက်ထပ် သက်တော်ရှည် ဝါရင့် ကစားသမား တဦးနဲ့ အခုရာသီကုန်မှာ ထပ်မံ လမ်းခွဲဖို့ အကြောင်းဖန်လာတာ ဖြစ်ပါတယ်။ ဘာစီလိုနာက အယ်လ်ဘာရဲ့ ပရော်ဖက်ရှင်နယ် ပီသမှု၊ အာရုံစူးစိုက်မှု၊ အသင်းအတွက် ပေးဆပ်မှုတွေကို အထူးတလည် ကျေးဇူးတင်နေမှာ ဖြစ်ကြောင်း၊ သူဟာ ဘာစီလိုနာ မိသားစုဝင်တိုင်းနဲ့ အကောင်းဆုံး ဆက်ဆံရေးမျိုး တည်မြဲနေမှာဖြစ်ပြီး အနာဂတ်မှာ အယ်လ်ဘာ အဆင်ပြေဖို့ ဆုတောင်းပေးကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။

 ဘာစီလိုနာဟာ ဥရောပ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေး ကန့်သတ်စည်းမျဉ်း (FFP)နဲ့အညီ အသင်းကို ပြန်လည် စုဖွဲ့ဖို့ ပြင်ဆင်နေချိန်မှာ အခုလို ကစားသမားတချို့ကို အသင်းကနေ ရှင်းထုတ်ဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ လာမယ့် နွေရာသီ စျေးကွက် ကာလမှာလည်း ဘာစီလိုနာ အနေနဲ့ နောက်ထပ် ကစားသမားတွေကို ရောင်းချသွားဖွယ် ရှိနေပါတယ်။