မေ ၊ ၉
ကွန်ဂိုနိုင်ငံမှာ ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် တပတ်အတွင်း သေဆုံးသူ ၄၀၀ ကျော်ထိ ရှိခဲ့ကြောင်း သိရပါတယ်။
ကွန်ဂိုနိုင်ငံ တောင်ပိုင်းက ကီဗူဒေသဟာ သဘာဝ ဘေးအန္တရာယ်တွေနဲ့ ဆိုးဆိုးရွားရွား ကြုံတွေ့နေရတာလို့ အာဏာပိုင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ တပတ်က အာဖရိက ဒေသတွင်း နိုင်ငံရဲ့ တောင်ပိုင်း ဒေသတွေမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် မြစ်ရေလျှံတာ၊ မြေပြိုတာတွေ ဖြစ်ပွားခဲ့တာပါ။
အထူးသဖြင့် ခါလီဟီ ခရိုင်ထဲက ဘူရှူရှူနဲ့ ညာမူခူဘီ ကျေးရွာတွေမှာ မြေပြိုမှုတွေ အကြီးအကျယ် ဖြစ်ပွားပြီး ထိခိုက် သေဆုံးမှု များပြားခဲ့ကြောင်း ကီဗူဒေသ အုပ်ချုပ်ရေးမှူး သီယို ကာဆီက ပြောပါတယ်။
အဲဒီ ကျေးရွာ ၂ ခုမှာတင် အသေအပျောက် ၄၀၁ ဦးထိ အတည်ပြုထားနိုင်ပြီး ဖြစ်တယ်လို့ သူက ဆိုပါတယ်။
လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေထဲမှာတော့ နောက်ကျိနေတဲ့ ရွှံ့ရေထဲ ကျေးရွာထဲက တဲတွေနဲ့ တခြား အဆောက်အအုံတွေ မျောပါသွားတာကို တွေ့ရပါတယ်။
ကယ်ဆယ်ရေး အဖွဲ့တွေက ပျောက်ဆုံးနေသူတွေကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်သလို ရေဘေးသင့် ပြည်သူတွေကိုပါ ကူညီ ရွှေ့ပြောင်း နေရာချပေးနေပါတယ်။ ကွန်ဂို အစိုးရကလည်း ထိခိုက်နစ်နာသူတွေနဲ့ ဒဏ်ရာရသူတွေကို ထောက်ပံ့ကြေး ပေးသွားမယ်လို့ ကြေညာထားပါတယ်။
ကွန်ဂိုမြစ်ဝှမ်း ဒေသနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတောင်ပိုင်း ဧရိယာတွေမှာ ရေကြီးမှုနဲ့ ဆက်စပ် သဘာဝ ဘေးအန္တရာယ်တွေကို နှစ်စဉ်လိုလို ကြုံရလေ့ ရှိပါတယ်။ ကမ္ဘာ့ရာသီဥတု ဖောက်ပြန် ပြောင်းလဲလာတဲ့ အခြေအနေမှာတော့ အဲဒီလို အခြေအနေတွေ ပိုမို ပြင်းထန်လာနိုင်ကြောင်း မိုးလေဝသ ပညာရှင်တွေက သတိပေး ပြောကြားထားပါတယ်။