ဆာဘီးယားမှာ လက်နက်ကိုင်ဆောင်ခွင့် တင်းကျပ်ရေး လူထောင်နဲ့ချီ ချီတက် ဆန္ဒပြ

မေ ၊ ၉

အစုလိုက် အပြုံလိုက် သေဆုံးမှုတွေ ဖြစ်ပွားစေတဲ့ ပစ်ခတ်မှု နှစ်ခုအပြီး ဆာဘီးယား နိုင်ငံရဲ့မြို့တော် ဘဲလ်ဂရိတ်မှာ လူထောင်နဲ့ချီ ပါဝင်တဲ့ လက်နက်မူဝါဒ တင်းကျပ်ရေး ဆန္ဒပြပွဲ တခုကို ပြုလုပ်ခဲ့ပါတယ်။

 ပြီးခဲ့တဲ့ သီတင်းပတ်က ဘဲလ်ဂရိတ် မြို့ထဲနဲ့ မြို့ပြင်မှာ ပစ်ခတ်မှုနှစ်ခု ဆက်တိုက် ဖြစ်ပွားပြီး လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။ ပစ်ခတ်မှု တခုဟာ စာသင်ကျောင်း တခုထဲမှာ ဖြစ်ခဲ့ပြီး ကလေး ၈ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

 မေလ ၈ ရက်နေ့က ဘဲလ်ဂရိတ်မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲကိုတော့ အတိုက်အခံ အင်အားစုတွေက ဦးဆောင်ခဲ့ပြီး လက်နက် ကိုင်ဆောင်ခွင့် မူဝါဒတွေ ထိထိရောက်ရောက် ကြပ်မတ်နိုင်စွမ်း မရှိတဲ့ အစိုးရ နုတ်ထွက်ပေးဖို့ပါ တောင်းဆိုခဲ့ကြပါတယ်။

 နောက်ပြီး ပြည်တွင်းမှာ အကြမ်းဖက် လုပ်ရပ်တွေ ပိုမို ဆိုးရွားလာအောင် သွယ်ဝိုက် လှုံ့ဆော်ပေးနေတဲ့ သတင်းဌာန၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြား ဌာနတွေပါ ပိတ်သိမ်းပေးဖို့လည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

 ဆာဘီးယား သမ္မတ အလက်ဇန္ဒား ဗူဆစ်ကတော့ ပစ်ခတ်မှုတွေကြောင့် တနိုင်ငံလုံး ကြေကွဲ ဝမ်းနည်းနေတဲ့ ကာလမျိုးမှာ အတိုက်အခံတွေက စတန့်ထွင်ပြီး အမြတ်ထုတ်နေတာ ဖြစ်တယ်လို့ စွပ်စွဲခဲ့သလို ဆန္ဒပြမှုတွေကို ရှုတ်ချခဲ့ပါတယ်။

 ပြီးတော့ သူဟာ လမ်းပေါ်မှာ စုဝေးပြနေတဲ့ လူရမ်းကားတွေကြောင့်တော့ သူ့အလုပ်ကို အထိခိုက် ခံမှာ မဟုတ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပဖို့၊ ဒါမှမဟုတ် အစိုးရကို ပြင်ဆင် ဖွဲ့စည်းဖို့ ဆိုတာတွေနဲ့ ပတ်သက်ရင်တော့ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ဗူဆစ်က ပြောကြားသွားပါတယ်။ ဆာဘီးယားရဲ့ ရွေးကောက်ပွဲဟာ ၂၀၂၆ ခုနှစ်မှ ကျင်းပဖြစ်ဖို့ စီစဉ်ထားပါတယ်။

 အစောပိုင်းမှာတော့ စာသင်ကျောင်း ပစ်ခတ်မှုနဲ့ ပတ်သက်လို့ တာဝန်ယူ၊ တာဝန်ခံတဲ့ အနေနဲ့ ဆာဘီးယား ပညာရေးဝန်ကြီးက ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။ ဆန္ဒပြသူတွေက ဆာဘီးယား ပြည်ထဲရေး ဝန်ကြီးနဲ့ ထောက်လှမ်းရေးဌာန အကြီးအကဲကိုပါ ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြောင်း သိရပါတယ်။

 ဆာဘီးယားဟာ ဥရောပမှာ လူတဦးချင်း သေနတ်ပိုင်ဆိုင်မှု အမြင့်ဆုံး နိုင်ငံတခု ဖြစ်ပေမယ့် အခုလို အစုလိုက် အပြုံလိုက် ပစ်ခတ်မှု မှုခင်းမျိုးတွေကတော့ အတော်လေး ရှားပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ ဆာဘီးယားမှာ လူ ၁၀၀ ရှိတိုင်း ၃၈ ဦးက သေနတ်ပိုင်ဆိုင်ထားကြောင်း သိရပြီး အများစုကတော့ လိုင်စင်နဲ့ ကိုင်ဆောင်တာမျိုး မဟုတ်ပါဘူး။ ယူဂိုဆလားဗီးယား ပြည်ထောင်စု ပြိုကွဲခဲ့တဲ့ ပဋိပက္ခတွေအတွင်း စစ်သုံးအဆင့် လက်နက် အများအပြားဟာ အရပ်သား ပြည်သူတွေလက်ထဲ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။