ကျောက်ပန်းတောင်းမြို့နယ် ပွေးကျစ်နယ်မြေရဲစခန်း တိုက်ခိုက်ဖျက်ဆီးခံရ

မေ၊ ၂
 
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းက ပွေးကျစ်နယ်မြေရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဒီကနေ့ နေ့လယ်ပိုင်းမှာ စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှုရှိသလို ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
 
ကျောက်ပန်းတောင်းမြို့တောင်ဘက်က ပွေးကျစ်နယ်မြေရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေက ဒီကနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ရဲစခန်းကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
 
” ပုဂံ- ညောင်ဦး အခြေစိုက်အဖွဲ့တခုက လုပ်သွားတာပါ၊ ပွေးကျစ်စခန်း သိမ်းခံရတယ်ဆိုတာ ဟုတ်ပါတယ်၊ ရဲစခန်းကကောင်တွေ သေတာရှိသလို ဖမ်းဆီးခံရတာတွေလည်း ရှိပါတယ် ” လို့ သူကပြောပါတယ်။
 
ရဲစခန်း စီးနင်းတိုက်ခိုက်ခံရတာကို အတည်ပြုနိုင်ပေမယ့် ဘယ်အဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်ဆိုတာနဲ့ တိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်သေဆုံးမှုတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။ စစ်အုပ်စုထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ရဲလေးဦးဖမ်းဆီးခံရတယ်လို့ ဖော်ပြကြပါတယ်။
 
” ပွေးကျစ်က ကျောက်ပန်းတောင်းမြို့နဲ့ဆိုရင် ဝေးတယ်ပြောရမယ်၊ အဲဒီဘက်သွားတဲ့ လမ်းက ရွာတွေပဲ ရှိတော့တာပါ၊ မြို့ပေါ်ထွက်တဲ့လမ်း မရှိဘူး၊ ကျောက်ပန်းတောင်းက စစ်ကားတွေ နေ့ခင်းက အဲဒီဘက်သွားတယ်လို့ ပြောတဲ့သူတွေရှိတယ်၊ စခန်းသိမ်းခံရတဲ့ဆီ အင်အားသွားဖြည့်တာနေမှာပေါ့ ” လို့ ကျောက်ပန်းတောင်း ဒေသခံတဦးက ပြောပါတယ်။
 
ပွေးကျစ်ရွာဟာ ကျောက်ပန်းတောင်းမြို့ရဲ့တောင်ဘက် (၁၆)မိုင်ဝန်းကျင်အကွာ မန္တလေးတိုင်းနဲ့ မကွေးတိုင်း နတ်မောက်မြို့အစပ်က ပင်းချောင်းအနီးမှာရှိတာဖြစ်ပါတယ်။
ဒီကနေ့ အဲ့ဒီရွာက နယ်မြေရဲစခန်း စီးနင်းတိုက်ခိုက်ခံရတဲ့တိုက်ပွဲမှာ ပွေးကျစ်နယ်မြေ ရဲစခန်းတခုလုံး မီးလောင်ပြာကျခဲ့သလို စစ်အုပ်စုဘက်က ထိခိုက်သေဆုံးတာတွေလည်း ရှိနိုင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ 
ဓာတ်ပုံ – Google Map