ချင်းပြည်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တလအတွင်း၂၁ ဦးသေဆုံး၊ ၄၀ ကျော်ဒဏ်ရာရ

မေ၊ ၂
 
ချင်းပြည်နယ်မှာ စစ်ကောင်စီက ဧပြီလ တလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၀ ကျော်ပြုလုပ်ရာမှာ ဗုံးအလုံး ၁၀၀ နီးပါးအသုံးပြုခဲ့ပြီး သေဆုံးသူအများစုဟာ အရပ်သားတွေဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)ရဲ့ စီမံကိန်းအရာရှိတဦးက ပြောပါတယ်။
 
“ စစ်ကောင်စီအနေနဲ့ မြေပြင်စစ်ဆင်ရေးတွေ မလုပ်လာနိုင်တဲ့အတွက် လေကြောင်း ပိုအားပြုပြီး တိုက်ခိုက်လာတယ် ” လို့ အဲဒီအရာရှိက ပြောပါတယ်။
 
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၁ ဦး ရှိခဲ့သလို အဲဒီအထဲက ၁၇ ဦးမှာ အရပ်သားတွေဖြစ်ပြီး စုစုပေါင်း ဒဏ်ရာရရှိသူ ၄၀ ကျော် ရှိခဲ့ပါတယ်။
 
စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၂၀၀) ဝန်းကျင်ရှိနေပြီး ဗုံးအလုံးရေ ၃၅၀ ကျော် ရှိခဲ့ပါတယ်။
 
အဲဒီတိုက်ခိုက်မှုတွေကြောင့် ဒေသကာကွယ်ရေးတပ်သားတွေအပါအဝင် အရပ်သား ပြည်သူ ၄၀ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အာဏာသိမ်းကာလ ၂ နှစ်ကျော်အတွင်း အရပ်သားပြည်သူ သေဆုံးသူ ၄၀ ဦး ရှိခဲ့ရာမှာ ဒီနှစ် ဧပြီလထဲ ၂၁ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။
 
ချင်းပြည်နယ်မှာ ဧပြီလအတွင်း ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်၊ မင်းတပ်မြို့နယ်တွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အများဆုံး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
ချင်းပြည်နယ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှုတွေ အားကောင်းတာ၊ ဒေသကာကွယ်ရေးအဖွဲ့တွေ ထပ်တိုးလာတာ၊ တိုက်ခိုက်မှု စွမ်းရည်တက်လာတာဟာ ချင်းပြည်သူတွေရဲ့ ပံ့ပိုးကူညီမှုကြောင့်လို့ ယူဆပြီး ပြည်သူလူထုကို လေကြောင်းနဲ့ပါ တိုက်ခိုက်လာတယ်လို့ CHROရဲ့ စီမံကိန်းအရာရှိတဦးက ပြောပါတယ်။
 
“ ကျနော်တို့အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို သုံးသပ်တဲ့အခါမှာ ဒီလိုမြေပြင်မှာ တိုက်ခိုက်လို့ စစ်ရေးအခြေအနေကြောင့် မဟုတ်ပဲနဲ့ စစ်ဆင်ရေးတွေ မရှိဘဲနဲ့ အရပ်သားတွေ နေတဲ့ နေရာကို ဦးတည်တိုက်ခိုက်တာ တွေ့တယ် ” လို့ သူက ပြောပါတယ်။
 
ချင်းပြည်နယ်ရဲ့ မြို့နယ် (၉) မြို့နယ်အားလုံးမှာ မြို့ပေါ်ကလွဲရင် ကျေးလက်ဒေသအားလုံးကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတဲ့အတွက် စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တွေထက် ၂၀၂၃ ခုနှစ်မှာ လေကြောင်းက ပိုမိုတိုက်ခိုက်လာတယ်လို့ သိရပါတယ်။
 
ဧပြီလ ၂၇ ရက် ညပိုင်းကလည်း ထန်တလန်မြို့နယ်၊ တလန်လိုရွာလယ်ခေါင်ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ၅ လမှ ၁၁ နှစ်အရွယ် ကလေးငယ် (၄) ဦးအပါအဝင် အရပ်သား (၉) ဦး သေဆုံးခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ ဧပြီလတလအတွင်း စစ်ကောင်စီဟာ မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၉ ကြိမ် ပြုလုပ်ခဲ့ပြီး အပြစ်မဲ့ အရပ်သား ပြည်သူ (၃) ဦးသေဆုံးသလို ထိခိုက်ဒဏ်ရာ ရရှိသူ (၉) ဦး ရှိခဲ့ပြီး အရပ်သား ပြည်သူနေအိမ် ၉ လုံး ပျက်စီးခဲ့တယ်လို့ မင်းတပ်ချင်းကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
 
“ ချင်းပြည်နယ်မှာ စကစရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကတော့ အများကြီးပေါ့နော်။ သုံးသပ်မယ်ဆိုရင် စစ်ရာဇဝတ်မှုတွေ လူသားမျိုးနွယ်စုကို ကျူးလွန်မှုတွေ လုပ်ဆောင်လာတယ်။ အရပ်သားတွေကိုလည်း မခွဲခြားပဲ တိုက်ခိုက်လာတာတွေ့ရတယ်။ ဆေးရုံတွေ ဘုန်းကြီးကျောင်းတွေပါ စစ်ကောင်စီအနေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ တွေ့ရတယ် ” လို့ CHRO အရာရှိက ပြောပါတယ်။ 
ဓာတ်ပုံ – The Chin Journal