မြန်မာ့ အကျပ်အတည်းမှာ ပေါင်းကူး ညှိနှိုင်းပေးဖို့ ကြိုးစားနေဆဲလို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဆို

 

ဧပြီ၊ ၂၈

အာဆီယံရဲ့ ဥက္ကဋ္ဌ အနေနဲ့ အင်ဒိုနီးရှားဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ ပေါင်းကူး ညှိနှိုင်းမှုတွေ ဆောင်ရွက်ပေးဖို့ အားထုတ် ကြိုးစားနေဆဲလို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရက်တ်နို မာဆူဒီက ပြောကြားခဲ့ပါတယ်။

 အင်ဒိုနီးရှားဟာ မြန်မာ့ နိုင်ငံရေး ကဏ္ဍမှာ သက်ဆိုင်သူ အားလုံး အကျုံးဝင်မယ့် ဆွေးနွေး ညှိနှိုင်းမှုတွေ ဖော်ဆောင်ရေးအတွက် အပတ်တကုတ် ကြိုးစားနေပြီး အမြင်ကွဲပြားမှုတွေကြားမှာ ပေါင်းကူးဖို့ ကြိုးစားနေတယ်လို့ သူက ဆိုပါတယ်။

 အာဆီယံရဲ့ ဥက္ကဋ္ဌ အနေနဲ့ အင်ဒိုနီးရှားဟာ နှစ်ဖက်စလုံးနဲ့ ထိတွေ့ ဆွေးနွေးမှုတွေကို အတတ်နိုင်ဆုံး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြောင်း၊ နှစ်ဖက်စလုံးရဲ့ အသံတွေကို နားစွင့်ရင်း အမြင်ကွဲပြားမှုတွေကြားမှာ ပေါင်းကူးပေးနိုင်ဖို့ ကြိုးစားနေကြောင်း မာဆူဒီက ဆိုပါတယ်။

 အာဆီယံ ညီလာခံအတွက် ဂျကာတာမြို့တော်က သမ္မတ အိမ်တော်မှာ သမ္မတ ဂျိုကို ဝီဒိုဒိုနဲ့ တွေ့ဆုံ ဆွေးနွေးမှုအပြီး သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားရဲ့ လုပ်ဆောင်မှုတွေကို သတင်းထောက်တွေက မေးမြန်းချိန်မှာ မာဆူဒီက အခုလို ဖြေကြားခဲ့တာပါ။

 မြန်မာ့အရေး ဖြေရှင်းဖို့ ဆိုတာက လွယ်ကူတဲ့ ကိစ္စမဟုတ်တဲ့တိုင် အာဆီယံ ဥက္ကဋ္ဌ အနေနဲ့ အင်ဒိုနီးရှားဟာ ပေါင်းကူး ဆက်သွယ်မှုတွေ တည်ဆောက်ဖို့ အချိန်ပြည့် ကြိုးစားနေတယ်လို့ သူက ပြောပါတယ်။

အင်ဒိုနီးရှား အစိုးရဟာ အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်၊ တော်လှန်ရေး လှုပ်ရှားမှုတွေမှာ အဓိက ဦးဆောင်နေတဲ့ အင်အားစု တခုဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေအပြင် နိုင်ငံရေးပါတီ တချို့နဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းလည်း သိရပါတယ်။

 အာဆီယံ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အာဆီယံက အဆိုပြုထားတဲ့ ဘုံသဘောတူညီမှု ၅ ချက်နဲ့ ပတ်သက်လို့လည်း ဆက်လက် ဆွေးနွေးသွားမယ်လို့ မာဆူဒီက ဆိုပါတယ်။

 အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွေကို မေ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေကျရင် အရှေ့ ညူဆာ တန်ဂါရာ ဒေသမှာရှိတဲ့ လာဘူယန် ဘာဂျိုမှာ ကျင်းပမှာဖြစ်ပြီး အင်ဒိုနီးရှား အစိုးရက ကြိုတင် ပြင်ဆင်မှုတွေ စတင်နေပါပြီ။ အရင် အာဆီယံ ထိပ်သီး အစည်းအဝေးတွေမှာတော့ နိုင်ငံရေး အကျပ်အတည်းတွေ မဖြေရှင်းနိုင်တဲ့ အခြေအနေမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ကိုယ်စားလှယ် တက်ရောက်ခွင့် မပြုဖို့ ဆုံးဖြတ်ထားခဲ့ကြပါတယ်။