မင်းလှမြို့နယ်မှာစစ်ရှောင် လေးရာနီးပါးအရေးပေါ်အကူအညီလိုအပ်နေ

ဧပြီ၊ ၂၈

မကွေးတိုင်းတောင်ပိုင်း၊ အထက်မင်းလှမြို့နယ်ထဲက အနောက်ရိုးမတောင်ပေါ်ကို စစ်ကောင်စီက စစ်ကြောင်း (၃)ကြောင်းနဲ့ တပတ်ကြာ စစ်ကြောင်းထိုးခဲ့ရာ ချင်းရွာတရွာကို ရွာလုံးကျွတ် မီးရှို့ပစ်ခဲ့ပြီး ရွာ (၅)ရွာထက်မနည်းကစစ်ရှောင်လေးရာနီးပါးအရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။ 

“စစ်ရှောင်ငတ်တလှည့်ပြတ်တလှည့်ဖြစ်နေတယ်။ တနေ့လုပ် တနေ့စားတွေ များကြတယ်။ အများစုက ကလေးသူငယ်တွေ ဖြစ်ကြတယ်။ တော်တော်လေးကိုပဲ ဒုက္ခအခက်အခဲတွေ ရောက်နေကြပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲနဲ့ ရွာကို မီးရှို့သွားတာပါ”လို့ စစ်ရှောင်တွေကို ကူညီနေသူ တဦးပြောပါတယ်။ 

ဧပြီလ ၂၀ရက်ကတည်းက မင်းလှမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေဟာ လက်ပံတခါးရွာဘက်မှ အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းတကြောင်း၊ မီးလောင်ကုန်းရွာဘက်မှ အင်အား ၅၀ ကျော်နဲ့ စစ်ကြောင်းတကြောင်း၊ မင်းလှမြို့နယ်နဲ့ မင်းတုန်းမြို့နယ်ကြားက အင်အား ၅၀ ကျော်နဲ့စုစုပေါင်း အင်အား ၃၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးခဲ့ပြီး ဧပြီလ ၂၂ ရက်မှာ ရေရင်ရွာကို ရွာလုံးကျွတ် မီးရှို့သွားတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီရဲ့ စစ်ကြောင်းကို ကြောက်လန့်တဲ့အတွက် အရှို ချင်းရွာတွေ ဖြစ်တဲ့ ရေရင်၊ ရဖုံ၊ တောင်ဖီလာ၊ ချောင်းသာ၊ ကျောက်စည်၊ ငရုတ်ကောင်းစတဲ့ ရွာတွေက အရပ်သား ၄၀၀ နီးပါးဟာ နီးစပ်ရာ တောတောင်လျိုတွေထဲ စစ်ရှောင်နေကြပြီ ၈၀ ရာခိုင်နှုန်းဟာ ကလေးသူငယ်၊ ကျောင်းသူ/သားနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်တယ်လို့ သိရပါတယ်။ 

“၂၂ ရက်မှာ ရေရင် ရွာမှာ ရွာသားတွေလည်း မရှိပဲ အလွတ်သပ်သပ်မီးရှို့သွားတယ်။ အိမ်ခြေက စာရင်းဝင်က ၁၉ အိမ်ရှိတယ်။ အိမ်ထောင်ခွဲအိမ်တွေရော ဆိုရင် အိမ်ခြေ ၂၅ အိမ်ရှိတဲ့ထဲမှာ မြေပြင်စစ်တမ်းအရ အိမ်တအိမ်ပဲ ကျန်တယ်။ ကျန်တဲ့ အိမ်တွေ မီးလောင် ပြာကျသွားတယ်။ အများပိုင် အိမ်တွေ ဖြစ်တဲ့ ဆရာ/မ အိမ်တွေကို မွှေနှောက်သွားတယ်။ ကျောင်းပစ္စည်းတွေ မီးရှို့သွားတယ်”လို့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ က ပြောပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ လက်ပံတံခါးရွာဘက်ကနေ လှုပ်ရှားစစ်ကြောင်း ပြုလုပ်ပြီး ကျန်စစ်ကြောင်း (၂)ကြောင်းမှာ ပိတ်ဆို့လျက် စစ်ကြောင်းထိုးခဲ့ရာ ဧပြီလ ၂၆ ရက် လက်ပံတံခါးရွာမှာ စုရပ်လုပ်ပြီး ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီစစ်ကြောင်းပြန်ဆုတ်သွားပေမယ့်စစ်ရှောင်တွေဟာ အခြေခံစားနပ်ရိက္ခာတွေ၊ အမိုးအကာနဲ့ ဆေးဝါးတွေ အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။ 

အဲဒီစစ်ကြောင်း (၃) ကြောင်းမှာ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းအချို့အပါအဝင် ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ )-၂၊ ကပစ – ၁၀ ၊ကပစ – ၁၃ နဲ့ ရေတပ်ကလည်း ပါဝင်တယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ သရက်ခရိုင်၊ အထက် မင်းလှမြို့နယ်၊ အမှတ်(၁၀)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၀)မှာ ရုရှား၊ တရုတ်နဲ့ မြောက်ကိုရီးယားက လက်နက်ထုတ်လုပ်ရေးပညာရှင် ၂၀ ခန့် ရောက်နေချိန် ၁၀၇ မမရှော့တိုက်ဒုံး (၂)လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ဧပြီလ ၇ ရက် ည၈နာရီခွဲခန့်မှာ ရုရှား၊ တရုတ်နဲ့ မြောက်ကိုးရီယားတို့မှ လက်နက်ထုတ်လုပ်ရေးပညာရှင် ၂၀ ဦးခန့်ဟာ ကပစ -၁၀ မှာ ထုတ်လုပ်နေတဲ့ ဒုံးကျည်တွေကို နည်းပညာအဆင့်မြှင့်တင်ပေးဖို့ ရောက်ရှိနေချိန် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မင်းလှပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ခံ ရန်ကြီးအောင်က ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဧပြီလ ၅ ရက် စာရင်းအရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁ ဒသမ ၈ သန်းကျော် ရှိနေပါတယ်။

ဒီအထဲက တစ်သန်း ငါးသိန်းနီးပါးဟာ ၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ ဖြစ်ပါတယ်။ 

အဲ့ဒီစစ်ရှောင်တွေထဲမှာမကွေးတိုင်းကနှစ်သိန်းခွဲထက်မနည်းပါဝင်တယ်လို့သိရပါတယ်။

ဒါ့အပြင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက်အထိတနိုင်ငံလုံးမှာအိမ်ခြေပေါင်း ခြောက်သောင်းကျော်ရှိပြီးစစ်ကိုင်းတိုင်းကလေးသောင်းရှစ်ထောင်နီးပါးနဲ့အများဆုံးဖြစ်ပြီး မကွေးတိုင်းကကိုးထောင်ကျော်နဲ့ဒုတိယအများဆုံးဖြစ်ပါတယ်လို့Data For Myanmar ကထုတ်ပြန်ပါတယ်။