ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ သတင်းစာဆရာတဦးနဲ့အနုပညာရှင် နှစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးအမှုဖွင့်

ဧပြီ၊ ၂၁

ပဇီးကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းကတဆင့်ပစ်ခတ်ခဲ့လို့ လူပေါင်းရာချီသေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပက်သက်ပြီး လူမှုကွန်ယက်စာမျက်နှာမှာ မမှန်သတင်းတွေရေးသားဖြန့်ဝေတယ် လို့စွပ်စွဲကာ  သတင်းစာဆရာတဦးနဲ့ အနု ပညာရှင်နှစ်ဦးကိုစစ်အုပ်စုက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅-က နဲ့အမှုဖွင့်လိုက်ပါတယ်။

The Voice Journal အယ်ဒီတာချူပ် ဦးကျော်မင်းဆွေ၊ သရုပ်ဆောင်နဲ့ မော်ဒယ် မေပန်း ချီ နဲ့ အဆို တော် ရွှေရည်သိန်းတန်တို့ကို ပဇီးကြီးရွာနဲ့ ပက်သက်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅-က နဲ့ သက်ဆိုင်ရာနယ်မြေရဲစခန်းတွေမှာ အမှုဖွင့်လိုက်တာပါ။

” မနေ့ညကပဲ စစ်ကြောရေးကတဆင့် ရဲစခန်းတွေကို အပ်လိုက်တယ်လို့ကြားတာပေါ့၊ အမှုဖွင့်ထားတဲ့အခြေနေတော့ အသေးစိပ်မသိရသေးပါဘူး ” လို့ နီးစပ်သူတဦးကပြောပါတယ်။

စစ်ကောင်စီဟာ သရုပ်ဆောင်မေပန်းချီနဲ့ အဆိုတော် ရွှေရည်သိန်းတို့ကို ပဇီကြီးရွာလေကြောင်းတိုက်ခိုက် မှုဖြစ်ခဲ့တဲ့ ဧပြီ (၁၁)ရက်က နေ့တွင်းချင်းဖမ်းဆီးခဲ့တာဖြစ်ပြီး သတင်းစာဆရာ ဦးကျော်မင်းဆွေကိုတော့ ဧပြီ (၁၂)ရက်မှာ ဖမ်းဆီးခဲ့တာပါ။

သူတို့သုံးဦးကို ဖမ်းဆီးပြီးနောက် စစ်ဆေးချက်တွေအရ ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လူမှု ကွန်ရက်ပေါ်မှာ မမှန်သတင်းတွေ ရေးသားဖြန့်ဝေခဲ့တာပေါ်ပေါက်တာကြောင့် အမှုဖွင့်လိုက်တာလို့ စစ်အုပ်စု ဘက်က သတင်းဖြန့်ပါတယ်။

ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဦးကျော်မင်းဆွေရဲ့ ဖေ့စ်လွတ်ခ် လူမှုကွန်ရက်မှာတော့ “ဆို့နင့် ကြေကွဲဝမ်းနည်းလှ၊ဇာတိမြေမို့ ပိုလို့ခံစားရ”လို့ ရေးသားဖော်ပြထားတာတွေ့ရပါတယ်။
ဦးကျော်မင်းဆွေဟာ NLD အစိုးရလက်ထက် ၂၀၁၇ခုနှစ်အတွင်းကလည်း The Voice သတင်းစာမှာဖော်ပြခဲ့တဲ့ သရော်စာတပုဒ်ကြောင့်စစ်တပ်က တရားလိုလုပ်တိုင်ကြားလို့ အဲ့ဒီသရော်စာရေးသားသူ ဗြိတိသျှကိုကိုမောင်နဲ့ အတူ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်ဖမ်းဆီးခံခဲ့ရဖူးပါတယ်။

အဲ့ဒီသရော်စာကိစ္စကြောင့် ဖမ်းဆီးခံရပြီးနောက်လပိုင်းအကြာမှာ ရေးသားသူ ဗြိတိသျှကိုကိုမောင်ကို တရားရုံးက အမှုပိတ်သိမ်းပေးလိုက်ပေမယ့် ဦးကျော်မင်းကိုတော့အာမခံတောင်မပေးဘဲ ဆက်လက်ဖမ်းဆီးထားခဲ့ပြီး ခြောက် လဝန်းကျင် အချုပ်အနှောင်ထဲကနေ တရားရင်ဆိုင်ခဲ့ရပါတယ်။

အဲ့ဒီနောက် ၂၀၁၇ ခုနှစ်စက်တင်ဘာလမှာ စစ်တပ်က အမှုဖွင့်တရားစွဲဆိုထားတဲ့ သတင်းသမား ခြောက်ဦး အပါအဝင်ရှစ်ဦးကို အမှုတွေကျေအေးရုပ်သိမ်းပေးလိုက်တာကြောင့် ဦးကျော်မင်းဆွေလည်း ပြန်လွတ် လာခဲ့ တာပါ။

လူနှစ်ရာဝန်းကျင် သေဆုံးထိခိုက်ခဲ့တဲ့ ကန့်လလူမြို့နယ်ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ လူမှု ကွန်ရက်သုံးစွဲသူအများအပြားက စစ်အုပ်စုကို ဝေဖန်ခဲ့ကြသလို သေဆုံးသူတွေအတွက် ဝမ်းနည်းခြင်း အထိမ်း အမှတ်အဖြစ် အနက်ရောင်ပရိုဖိုင်ချိန်းတာတွေလည်းရှိခဲ့ပါတယ်။

အဲ့ဒီလို ဝေဖန်ရေးသားသူတွေနဲ့ အနက်ရောင်ပရိုဖိုင်းချိန်းကြသူတွေကို ဖမ်းဆီးအရေးယူဖို့ စစ်အုပ်စု လော်ဘီ တယ်လီဂရန်ချန်နယ်တခုဖြစ်တဲ့ ဟန်ငြိမ်းဦးချန်နယ်က တွန်းအားပေးရေးသားဖော်ပြမှုတွေလည်း လုပ်ခဲ့ပါတယ်။