တရာသီလုံးမှာ လီဗာပူးရဲ့ အကောင်းဆုံး ခြေစွမ်းကို မြင်ခွင့်ရခဲ့ကြောင်း ကလော့ပ် ညွှန်းဆို

ဧပြီ၊ ၁၈

လက်ရှိရာသီ အသင်းရဲ့ အကောင်းဆုံး ခြေစွမ်းကို မျက်ဝါးထင်ထင် တွေ့မြင်ခွင့် ရခဲ့ကြောင်း လီဗာပူး အသင်းမန်နေဂျာ ယာဂင်ကလော့ပ်က လိဒ်စ် ယူနိုက်တက်နဲ့ ပွဲစဉ်အပြီးမှာ ကြွေးကြော်လိုက်ပါတယ်။

 လိဒ်စ်ရဲ့ အယ်လန်ရုဒ် ကွင်းကြီးမှာ လီဗာပူး အသင်းဟာ အကောင်းဆုံး ခြေစွမ်း ပြခဲ့ပြီး ၆-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။ လီဗာပူးဟာ လိဒ်စ်ရဲ့ ဂိုးပေါက်ကို ၇ ကြိမ်သာ တည့်မတ်အောင် ခြိမ်းခြောက်နိုင်ခဲ့ရာကနေ ၆ ဂိုးထိ သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ မိုဟာမက်ဆာလားနဲ့ ဒီယိုဂို ယိုတာတို့က အသင်းအတွက် ၂ ဂိုးစီ သွင်းပေးခဲ့ပါတယ်။

 ဂျာမန်သား မန်နေဂျာ ကလော့ပ် ကိုင်တွယ်နေတဲ့ လီဗာပူးဟာ အခုရာသီမှာ ဘွန်းမောက်သ်ကို ၉-၀၊ မန်ချက်စတာ ယူနိုက်တက်ကို ၇-၀ ဆိုတဲ့ ဂိုးပြတ် ရလဒ်တွေနဲ့ နိုင်ခဲ့ဖူးပေမယ့် ကလော့ပ်ကတော့ အယ်လန်ရုဒ်က နိုင်ပွဲဟာ အသင်းရဲ့ တရာသီလုံးစာ အကောင်းဆုံး စွမ်းဆောင်ရည်လို့ ယုံကြည်နေပါတယ်။

 အသင်းရဲ့ ကစားပုံအတွက် အဖက်ဖက်က ကျေနပ်မိကြောင်း၊ ပြိုင်ဘက်ကို အမှားတွေ ကျူးလွန်မိအောင် ဆက်တိုက် ဖိအားပေးရင်း သေသပ် ကောင်းမွန်တဲ့ သွင်းဂိုးတွေ ရယူနိုင်ခဲ့ကြောင်း၊ နောက်ဆုံး မိနစ်ထိ ကစားအား လုံးဝ မလျှော့ဘဲ ကစားသွားနိုင်ပြီး ရှုထောင့်ပေါင်းစုံက သုံးသပ်ကြည့်ရင် ဒီရာသီ လီဗာပူးရဲ့ အကောင်းဆုံးပွဲလို့ သတ်မှတ်နိုင်ကြောင်း ကလော့ပ်က မှတ်ချက် ပေးသွားခဲ့ပါတယ်။

 အခုပွဲကို ပုံစံကောင်းနဲ့ အနိုင်ရခဲ့ပေမယ့်လည်း လီဗာပူးဟာ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေဆဲဖြစ်ပြီး လာမယ့်ရာသီ ဥရောပ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ထိပ်ဆုံး ၄ နေရာမှာ ပါဝင်ပြီး ရာသီသိမ်းနိုင်ဖို့ မရေမရာ ဖြစ်နေဆဲပါ။

 ရာသီကုန်မှာ လီဗာပူးရဲ့ အမှတ်ပေးဇယား အဆင့်ရပ်တည်မှု ဘယ်လောက် ရှိမလဲ ဆိုတာကို မပြောတတ်ကြောင်း၊ ပွဲတိုင်းက အရေးကြီးလာပြီ ဆိုတာကို ကစားသမားတွေ အနေနဲ့ နားလည်ထားရမှာဖြစ်ကြောင်း၊ တကယ်လို့ လီဗာပူးဟာ ဒီရာသီမှာ ဘာအောင်မြင်မှုမှ မရခဲ့ဘူး ဆိုရင်တောင် အနာဂတ်အတွက် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကောင်း အခြေခံတွေ တည်ဆောက်သွားရမှာဖြစ်ကြောင်း ကလော့ပ်က ပြောကြားသွားပါတယ်။