KNU/KNLA(PC) စစ်ရေးချုပ် ဗိုလ်ချုပ်စောအယ်ခူ လက်ပစ်ဗုံးနဲ့အဆုံးစီရင်ခဲ့တယ်လို့ဆို

ဧပြီ၊ ၁၁
 
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) စစ်ရေးချုပ် ဗိုလ်ချုပ် စောအယ်ခူဟာ ဒီကနေ့မနက်ပိုင်းက သူ့ရဲ့နေအိမ်ခြံဝန်းထဲမှာ လက်ပစ်ဗုံးနှစ်လုံး ပစ်ဖောက်အဆုံးစီရင်သွားတယ်လို့ အဲဒီတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျောညွန့်က DNA ကိုပြောပါတယ်။
 
KNU/KNLA-PC တပ်ဖွဲ့ဌာနချုပ်ရှိရာ မြဝတီမြို့၊ ထလော့ကျေးရွာက သူ့ရဲ့နေအိမ်အတွင်း ဒီကနေ့မနက် ကိုးနာရီ ဝန်းကျင်မှာ အဆုံးစီရင်သွားတာဖြစ်ပြီး စစ်ရေးဖိအားတွေကြောင့် အခုလိုလုပ်သွားတာလို့ သူကဆိုပါတယ်။
 
” သူက ပထမထဲက ဝ တော့ ရောဂါအခံတွေကလဲ ရှိတယ်၊ ကျွန်တော်တို့ အစည်းအဝေးတွေ ဘာတွေ ခေါ်ရင်လည်း ကျန်းမာရေးကြောင့် မလာနိုင်တာများတယ်၊ ဒါကတော့ သူ့ရုပ်ပိုင်းဆိုင်ရာပေါ့ဗျာ၊ စိတ်ပိုင်းဆိုင်ရာကတော့ ခုစစ်ပွဲဖြစ်တဲ့နေရာမှာ သူ့နယ်မြေက ကြားညပ်နေတာဆိုတော့၊ သူလည်း ကြားညပ်ပြီးတော့၊ နှစ်ဘက်အဖွဲ့ကလည်း သူ့အပေါ် အထင်အမြင်လွဲတာတွေ ဘာတွေ ဖြစ်လာတော့၊ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သူက ဒီလိုလုပ်ဖို့တွေ ပြောလာတာတွေရှိတယ် ” လို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး DNA က သီးခြားအတည်မပြုနိုင်ပါဘူး။
 
ဗိုလ်ချုပ် စောအယ်ခူဟာ သေဆုံးချိန်မှာ အသက် ၅၀ အရွယ် ရှိပြီး မသေဆုံးခင် ဧပြီလ ၇ ရက်က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)တပ်ဖွဲ့ဝင် ဗျူဟာမှူးနဲ့ တပ်ရင်းမှူးအဆင့်ရှိ အရာရှိနှစ်ဦးကို ထုတ်ပယ်ခဲ့ပါသေးတယ်။
 
ထုတ်ပယ်ခံရတဲ့ အရာရှိတွေဖြစ်တဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီးစောလက်ကိုင်နဲ့ တပ်ရင်းမှူး ဒုဗိုလ်ကြီး စောကျော်ဂရောင်း တို့နှစ်ဦးဟာ လက်ရှိ မြဝတီဒေသအတွင်း စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့အတူ ပူးပေါင်းခဲ့သလို မြဝတီ-ကော့ကရိတ်အာရှလမ်းကို နှစ်ပတ်ကြာ အသုံးမပြုဖို့ ထုတ်ပြန်ချက်မှာ လူသိရှင်ကြား ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
 
ဗိုလ်ချုပ် စောအယ်ခူဟာ အရင်ကတည်းက နှလုံး၊ သွေးတိုး နဲ့ ဆီးချိုရောဂါတွေ ခံစားနေရသူတဦးဖြစ်ပြီး ဧပြီလ ၆ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ KNU တပ်မဟာ ၇ နယ်မြေအတွင်း တိုက်ပွဲတွေနဲ့ပတ်သက်လို့ သူ့အပေါ် အထင်အမြင် လွဲမှားမှုတွေနဲ့ စစ်ရေးဖိအားတွေ ရှိလာတာကြောင့် အခုလိုအဆုံးစီရင်ခဲ့တာလို့ ဆိုပါတယ်။
 
KNU တပ်မဟာ (၇)နယ်မြေထဲ တိုက်ပွဲတွေဖြစ်ချိန်မှာ ဗိုလ်ချုပ်စောအယ်ဆူအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းတယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က စွပ်စွဲမှုတွေရှိနေသလို BGF နဲ့ စစ်ကောင်စီတို့ကလည်း တော်လှန်ရေးအင်အားစုတွေနဲ့ မပူးပေါင်းဖို့ စစ်ရေးအရ ဖိအားပေးချိန်းခြောက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
 
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးထားတဲ့ အပစ်ရပ်အဖွဲ့ဖြစ်သလို အာဏာသိမ်းစစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လုပ်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။
 
လက်ရှိအာဏာသိမ်းကာလအတွင်း ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကလည်း KNU/KNLA-PC စစ်ရေးချုပ်အဖြစ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်စောနေစိုးမြ ကိုဗစ်ရောဂါနဲ့ကွယ်လွန်ခဲ့ပါသေးတယ်။ရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ ဗိုလ်ချုပ်စောနေစိုးမြဟာ ထင်ရှားတဲ့ KNU ခေါင်းဆောင်တဦးဖြစ်သူ စောဘိုမြရဲ့အငယ်ဆုံးသားဖြစ်ပါတယ်။
 
အဲ့ဒီနောက် ဗိုလ်ချုပ်စောအယ်ဆူက KNU/KNLA-PC စစ်ရေးချုပ်အဖြစ် တာဝန်ဆက်ယူခဲ့ပြီး နှစ်နှစ်နီးပါးအကြာမှာ အခုလိုသေဆုံးခဲ့တာပါ။ ဗိုလ်ချုပ်စောအယ်ခူရဲ့ဈာပနကိုတော့ ဓလေ့ထုံးစံအတိုင်း မိခင်ဌာနချုပ်ဖြစ်တဲ့ KNU/KNLA-PC က ဧပြီ (၁၂)ရက်မနက်ဖြန်မှာ တာဝန်ယူပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – Social Media