ဧပြီ၊ ၄
ကတိပြုထားတဲ့ တိုက်လေယာဉ်တွေထဲက ပထမ အသုတ်ကို ယူကရိန်းဆီ လက်လွှဲပေးလိုက်ပြီလို့ ပိုလန်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ပိုလန် လေတပ်ရဲ့ MiG-29 တိုက်လေယာဉ်တွေထဲက ပထမ အသုတ်ကို ယူကရိန်းဆီ လွှဲပြောင်းပေးမှု ပြီးမြောက်ခဲ့ပြီလို့ ပိုလန် အစိုးရရဲ့ နိုင်ငံတကာ မူဝါဒရုံး အကြီးအကဲ မာဆင် ပရီဇီဒက်ဇ်က ပြောပါတယ်။ ပိုလန် သမ္မတ အန်ဒါဇက်ဂျ် ဒူဒါဟာ ဆိုဗီယက်လုပ် တိုက်လေယာဉ်တွေ ဒုတိယအသုတ် လွှဲပေးရေးအတွက်လည်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေ စတင်နေပြီလို့ သူက အတည်ပြုပါတယ်။
ဒါပေမဲ့ ပထမအသုတ်မှာ စုစုပေါင်း တိုက်လေယာဉ် ဘယ်နှစီးထိ ယူကရိန်းဆီ ပေးပို့ခဲ့သလဲ ဆိုတာကိုတော့ ပရီဇီဒက်ဇ်က ထုတ်မပြောခဲ့ပါဘူး။ အစောပိုင်းမှာတော့ သမ္မတ ဒူဒါက ပထမအသုတ်မှာ တိုက်လေယာဉ် ၄ စီး ပို့ဆောင်မယ်လို့ ဆိုခဲ့ဖူးပါတယ်။
ပိုလန်ဟာ ယူကရိန်းဆီ တိုက်လေယာဉ်တွေ ထောက်ပံ့ပေးသွားမယ်လို့ ကတိပြုခဲ့တဲ့ ပထမဆုံး NATO မဟာမိတ် အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယမြောက် ကတိပြုတဲ့ ဆလိုဗက်ကီးယားရဲ့ နောက်မှသာ လက်တွေ့ တင်ပို့မှုတွေ လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆလိုဗက်ကီးယားက သူတို့လက်ထဲမှာ ရှိသမျှ MiG-29 ၁၃ စီးလုံးကို ယူကရိန်းဆီ ပေးအပ်သွားမယ်လို့ ပြောကြားထားပေမယ့် ပိုလန်ကတော့ အဲဒီ တိုက်လေယာဉ်တွေထဲက တချို့ကို လေတပ်အတွက် ဆက်ပြီး ချန်ထားဦးမယ်လို့ ဆိုပါတယ်။
ယူကရိန်း သမ္မတ ဇီလန်စကီးဟာ အမေရိကန်လုပ် F-16တွေလိုမျိုး နည်းပညာမြင့် တိုက်လေယာဉ်တွေ ထောက်ပံ့ပေးကြဖို့ အနောက်မဟာမိတ် နိုင်ငံတွေကို အလေးအနက် တောင်းဆိုထားပါတယ်။ MiG-29တွေဟာ ယူကရိန်း လေသူရဲတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား ဘက်စုံသုံး တိုက်လေယာဉ်တွေ ဖြစ်ပေမယ့်လည်း နည်းပညာ အရတော့ F-16တွေထက် သိသိသာသာ နိမ့်ပါးနေဆဲလို့ သိရပါတယ်။
Ref: Anadolu Agency