မတ်၊ ၃၁
ရခိုင့်တပ်တော် (AA)နဲ့ စစ်ကောင်စီတို့ကြား အပစ်ရပ်ပြီးနောက် မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်တွေနဲ့ စစ်ကောင်စီရဲ့ ဝန်ကြီးတွေ ရခိုင်ပြည်နယ်ကို အကြိမ်ကြိမ်လာနေကြတာဟာ တခြားတိုင်းရင်းသားတွေနဲ့ ရခိုင် တွေကြား သွေးကွဲအောင်လုပ်နေတာဖြစ်သလို နိုင်ငံရေးအမြတ်ထုတ်နေတာလည်းဖြစ်တယ်လို့ ရခိုင်ဒေသခံတွေ က ဝေဖန်ကြပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရခိုင်ပြည်နယ်စစ်တွေမြို့ကို မတ်လ ၃၀ရက် မနေ့က နေ့လယ် ပိုင်းမှာရောက်နေခဲ့ပြီး ဒီကနေ့မှာ စစ်တွေမြို့က လောကနန္ဒာစေတီတော် ထီးတင်ပွဲတက်ခဲ့ပါတယ်။ဒါဟာ စစ် ခေါင်းဆောင်အနေနဲ့ အခုနှစ်သုံးလအတွင်း သုံးကြိမ်မြောက်ရခိုင်ပြည်နယ် ခရီးစဉ်ဖြစ်ပါတယ်။
“တခြားသောတိုင်းရင်းသားဒေသကလူတွေနဲ့ ရခိုင်ကို ပဋိပက္ခဖြစ်အောင်အတွက် စဉ်းစားတယ်ပေါ့၊ရခိုင်ဟာ စက စအုပ်စုနဲ့ သင့်တင့်နေကြတယ်၊ ငါတို့ရဲ့ ဘုံရန်သူအဖြစ် သတ်မှတ်ထားတဲ့ ကောင်တွေကို ဘုံရန်သူလို့ မသတ်မှတ်၊ ဒီကောင်တွေနဲ့ ပေါင်းနေတယ်ဆိုတာမျိုးဖြစ်အောင် လုပ်နေတယ်လို့ ပြောလို့ရပါတယ်”စစ်တွေမြို့က တက်ကြွ လှုပ်ရှားသူလူငယ်တဦးကDNA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက စစ်ကောင်စီနဲ့ ရခိုင့်တပ်တော်(AA) တို့ အပစ်ရပ်ခဲ့ကြပြီးနောက် လပိုင်းအကြာ အခုနှစ် ဇန်နဝါရီမှာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ မြန်မာနဲ့ထိုင်း စစ်ဘက်ဆိုင်ရာ အစည်းအဝေး ကျင်းပမယ့်သံတွဲမြို့ကို သွားခဲ့ပါတယ်။
အဲ့ဒီနောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာတော့ ရခိုင်ပြည်နယ်ကို ထပ်သွားကာ ဒေသတွင်း စီးပွားရေး လုပ်ငန်း ရှင် တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။အခုတခေါက်ခရီးစဉ်မှာတော့ မနေ့က စစ်တွေတက္ကသိုလ်ကိုသွားခဲ့သလို စစ်တွေမြို့ ရေပေးဝေရေးစီမံကိန်းဆောင်ရွက်နေမှုတွေကိုလည်းကြည့်ရှုခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့နိုင်ငံပိုင် မီဒီယာတွေမှာဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံ တဝှမ်းက အရပ်သားတွေကိုသတ်ဖြတ်နေတာ၊ လက်ရှိရခိုင်ဒေသကစစ်ရှောင် တွေကို ရိက္ခာဖြတ်တာတွေလုပ်ထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကအခုလို ရခိုင်မှာဒေသဖွံဖြိုးရေးနဲ့ စီး ပွားရေး ဖွံ့ဖြိုးရေးအတွက်လို့ဆိုကာ လာရောက်တွေ့ဆုံဆွေးနွေးတာ၊ဘုရားထီးတင်တဲ့ ဘာသာရေးကိစ္စတွေကို လုပ်ပြနေတာဟာ ရယ်စရာဖြစ်နေတယ်လို့ ရခိုင်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတခုရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ဘယ်လောက်ပဲ ထီးတင်၊ ဘာညာ၊ ဟန်ပြ လုပ်ပြ၊ လုပ်ပြ ပြည်သူတွေက ဒီကောင်တွေအကြောင်းကို သိကြ ပါတယ်၊မင်းအောင်လှိုင်ရဲ့စစ်တပ်က ဘယ်လောက်ထိ ရက်စက်၊ ယုတ်မာတယ်၊ လူ့အခွင့်အရေးချိုးဖောက် တယ် ဆိုတာကို သိကြပါတယ်”လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိသားစု၀င်တဦး သေဆုံးခဲ့ရပြီး နေရပ်စွန့်ခွာ ထွက်ပြေး နေရတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က စစ်ဘေးရှောင်တဦးကလည်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဟာ ရခိုင်ပြည်သူတွေကို အချိူသပ်နေတာဖြစ်တယ်လို့ဝေဖန်ပါတယ်။
“ဘာမှ အပြစ်မရှိတဲ့ ရွာထဲကို ဒရုန်းနဲ့ ဗုံးကြဲတယ်၊ဘာမှတောင် မသိသေးတဲ့ ကလေးတွေ သေရတယ်၊ အခုကျ တော့ ဒီလိုတွေ လုပ်နေတယ်ပေါ့၊ဒါက ဘာနဲ့တူလဲဆိုရင် သူ့ကို ဘုရားတကာ နွားသူခိုးလို့ ပြောရမယ်”လို့ အဲ့ဒီစစ်ဘေးရှောင်ကပြောပါတယ်။
ပြီးခဲ့တဲ့ ရခိုင်ပြည်နယ်တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ရဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လသားအရွယ်မွေးကင်းစ ကလေးငယ်အပါအ၀င် ရခိုင်ဒေသခံအရပ်သား ငါးဆယ်၀န်းကျင် သေဆုံးပြီး တရာ ကျော် ဒဏ်ရာရခဲ့ပါတယ်။
ဒါပေမယ့် နိုင်ငံရေးအခြေအနေမတည်ငြိမ်တာကို သဘာဝ တရားကြီးက ငဲ့ညှာစောင့်ကြည့်နေမှာမဟုတ်တာကတော့ အမှန်တရားတခုဖြစ်ပါတော့တယ်။