
မတ်၊ ၁၇
မကွေးတိုင်း၊ယောဒေသ၊ ထီးလင်းမြို့နယ် ရွှေခုံတိုင်ကျေးရွာကို မတ်လ ၁၅ ရက်ညနေပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ဖျက်ဆီး ခဲ့တဲ့အတွက် နေအိမ်ရှစ်လုံးမီးလောင်ကျွမ်းခဲ့ပြီး အသက်ရှစ်ကျော်အရွယ် မျက်မ မြင်အဖွားအိုတဦးလည်း မီးလောင်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မီးလောင်ပြီးအသက်ဆုံးရှုံးခဲ့ရသူဟာ ရွှေခုံတိုင်ရွာခံ အသက်ရှစ်ဆယ်ကျော်အရွယ် မျက်မမြင်အဖွားအို ဒေါ်ခင်ပု ဖြစ်တယ်လို့ ဒေသခံတဦးကပြောပါတယ်။စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာလို့ ဒေသခံတွေထွက်ပြေး တိမ်း ရှောင်ကြချိန်မှာ ဒေါ်ခင်ပုက လိုက်ပါတိမ်းရှောင်ဖို့ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။
“အသက်အရွယ်ကလည်းကြီး၊ကျန်းမာရေးကလည်းမကောင်းတော့ မပြေးချင်တော့ဘူး၊ခေါ်လို့မရတော့ဘူး၊ သူ့ အတွက်နဲ့ တခြားလူတွေကို ဒုက္ခမပေးချင်တော့တာပေါ့ဗျာ” လို့ ထီးလင်းဒေသခံတဦးကပြောပါတယ်။
ဒေါ်ခင်ပုရဲ့ရုပ်အလောင်းကိုမီးလောင်ကျွမ်းထားတဲ့အနေအထားနဲ့တွေ့ရှိခဲ့ကြရတာဖြစ်ပြီး အရှင်လတ်လတ်မီး လောင်ကျွမ်းသေဆုံးတာလား၊ အသတ်ခံရပြီးမှမီးရှို့ခဲ့တာလား ဆိုတာကိုတော့မသိနိုင်ဘူးလို့ ဆိုပါတယ်။
ရွှေခုံတိုင်ရွာဟာ ထီးလင်းမြို့မြောက်ဘက် အိုင်းမကျေးရွာအုပ်စုအတွင်း ထီးလင်း-ဂန့်ဂေါကာလမ်းဘေးက လူဦးရေ တထောင်ကျော်နေထိုင်တဲ့ရွာတရွာဖြစ်ပါတယ်။
ခုရက်ပိုင်းအတွင်း ထီးလင်းမြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးမီးရှို့မှုတွေဆက်တိုက်လုပ်နေပြီး ထီးလင်း – ဂန့်ဂေါလမ်းမကြီးဘေးကျေးရွာတွေအပါအဝင် ကျေးရွာခြောက်ရွာကပြည်သူတွေ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စစ်ကောင်စီကစစ်ကြောင်းထိုးနေတာကြောင့် ထီးလင်း – ဂန့်ဂေါလမ်း၊ ထီးလင်း – ကျောက်ထုလမ်း၊ ထီးလင်း – ရေမျက်နီလမ်းတွေကိုလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက သွားလာခွင့်ပိတ်ထားတယ်လို့ တော်လှန်ရေး အင်အားစုတွေဆီကသိရပါတယ်။
 
 
		 
		