အကျပ်အတည်းကြီး နှစ်ခုကို ကြံ့ကြံ့ခံခဲ့တဲ့ ပြည်သူလူထု ကျန်းမာရေး စောင့်ရှောက်မှုစနစ်

မတ်၊ ၉

ကပ်ရောဂါနဲ့ နိုင်ငံရေး အရှုပ်အထွေးတွေလို ကြီးကြီးမားမား အကျပ်ဆိုက်မှုကြီး နှစ်ခုကို ဆက်တိုက် ကြုံခဲ့ရတဲ့တိုင် မြန်မာ ပြည်သူတွေနဲ့ နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ဟာ ကြံ့ကြံ့ခံနိုင်စွမ်း ပြသခဲ့တယ်လို့ သုတေသန ရလဒ်သစ် တစ်ခုက ညွှန်ပြခဲ့ပါတယ်။

ရန်ကုန်တဝိုက်မှာ ပြုလုပ်ခဲ့တဲ့ သုတေသန စစ်တမ်းတခုမှာတော့ အကျပ်အတည်း ကာလတွေအတွင်း ပြည်သူလူထုနဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ဟာ ကွဲပြားတဲ့ လမ်းကြောင်းတွေ ရှာဖွေရင်း ကြံ့ကြံ့ခံ ဆက်လက် ရပ်တည်ခဲ့သလို လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု အထောက်အပံ့တွေ ပေးနေနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီ သုတေသန ရလဒ်ကို Equity in Health နိုင်ငံတကာ ဆေးပညာ ဂျာနယ်မှာ အကျယ်တဝင့် ဖော်ပြထားပါတယ်။ ဒီလေ့လာမှုဟာ ကိုဗစ် ကပ်ရောဂါ ကာလနဲ့ နိုင်ငံရေး အရှုပ်အထွေးတွေကြားမှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍက ကြုံတွေ့ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် ထဲထဲဝင်ဝင် သုတေသနပြုထားတာလည်း ဖြစ်ပါတယ်။

ရန်ကုန်တဝိုက်ဟာ ကပ်ရောဂါဒဏ်ကို အဆိုးဆုံး ခံခဲ့ရတဲ့ နေရာတခု ဖြစ်သလို နိုင်ငံရေး ပြဿနာတွေကြောင့် ဒေသတွင်းက ကျန်းမာရေး စောင့်ရှောက်မှု ပုံမှန် လုပ်ငန်းစဉ်တချို့ ဆိုင်းငံ့ခဲ့ရတယ်လို့ အခု သုတေသန လုပ်ငန်းစဉ်မှာ ပါဝင်ခဲ့တဲ့ Burnet Institute Myanmar အဖွဲ့ရဲ့ ဒေါက်တာ ကြူကြူသန်းက ပြောပါတယ်။

 ဒီဖြစ်စဉ်တွေဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ နာတာရှည် ရောဂါသည်တွေလို စဉ်ဆက်မပြတ် ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေသူတွေကိုပါ အကြီးအကျယ် သက်ရောက် ထိခိုက်ခဲ့တယ်လို့ ကာယကံရှင်တွေကို တွေ့ဆုံမေးမြန်းပြီးတဲ့နောက် သုတေသန စစ်တမ်းမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

 ပြည်သူလူထု အနေနဲ့ အရမ်းအရေးကြီးတဲ့ ကျန်းမာရေး စောင့်ရှောက်မှု အထောက်အပံ့တွေကို အချိန်မီ မရနိုင်တာမျိုးတွေ ကြုံခဲ့ကြောင်း၊ ပြည်သူ့ဆေးရုံ ဆေးခန်းတွေမှာ အရည်အသွေး ကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရနိုင်ဖို့ စိန်ခေါ်မှုက အရမ်းကြီးမားခဲ့ပြီး ပုဂ္ဂလိက ဆေးရုံ ဆေးခန်းတွေ ကျပြန်တော့လည်း စျေးအရမ်းကြီးကြောင်း ဒေါက်တာ ကြူကြူသန်းက ဆိုပါတယ်။

 နောက်ပြီး ကိုဗစ် လူနာတွေအတွက် အောက်စီဂျင် အပါအဝင် သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ ဆေးဝါးနဲ့ ဆေးဝါး အထောက်အပံ့ ပစ္စည်းတွေလည်း အကြီးအကျယ် ပြတ်တောက်ခဲ့ရာက လူ့အသက်ပေါင်းများစွာ သေကြေ ပျက်စီးစေခဲ့ပါတယ်။

 ဒီလို ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေ ကြုံခဲ့ရတဲ့တိုင် မိသားစုချင်း စည်းစည်းလုံးလုံး အားပေးထောက်ပံ့ကြတဲ့ တည်ဆောက်ပုံနဲ့ ကောင်းမွန်တဲ့ လူမှုကွန်ရက် ချိတ်ဆက်မှုတွေကြောင့် လူထုဟာ အကျပ်အတည်းတွေကို အံတုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 စစ်တမ်းအတွက် ပါဝင်ဖြေဆိုသူ အများအပြားက မိသားစုဝင်တွေရဲ့ ဖေးမမှုနဲ့အတူ စိတ်ဖိစီးမှုတွေ၊ စိန်ခေါ်မှုတွေကို ဖြတ်သန်း ကျော်လွှားနိုင်ခဲ့တယ်လို့ ပြောခဲ့ကြကြောင်း ဒေါက်တာ ကြူကြူသန်းက ဆိုပါတယ်။ နောက်ပြီး အရေးပေါ် အခြေအနေတွေ ကြုံလာတဲ့ အခါမှာ ပြည်သူလူထုဟာ သယ်ယူပို့ဆောင်ရေးနဲ့ ဆေးဝါးတွေ ရရှိရေးအတွက် ရပ်ရွာအခြေပြု အသင်းအဖွဲ့တွေကို မှီခို အားထားနိုင်ခဲ့ကြတယ်လို့လည်း သူက ပြောပြပါတယ်။

 လူနာတွေကို ကူညီနိုင်ရေး အတွက်လည်း ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေဟာ အစွမ်းကုန် ကြံ့ကြံ့ခံနိုင်ခဲ့ပြီး တယ်လီဖုန်းနဲ့ အကြံပြုပေးတာ၊ ရွေ့လျား ဆေးခန်းတွေ အသုံးပြုတာမျိုး တခြားနည်းလမ်းတွေကို ရွေးချယ်ခဲ့ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဖြစ်တဲ့ Facebook အပါအဝင် လူမှုကွန်ရက်တွေကနေ ဆေးဝါး အသုံးပြုမှုဆိုင်ရာ အကြံဉာဏ်တွေ မျှဝေခဲ့ကြပါတယ်။

 တခြားတဖက်မှာလည်း ဒီလို အခက်အခဲ အတားအဆီးတွေကို ကျော်လွှားပြီး ကျန်းမာရေး ထောက်ပံ့မှုတွေကို ရှာဖွေ ရယူရာမှာ ပြည်သူတွေရဲ့ လူမှုစီးပွားရေး အခြေအနေကို လိုက်ပြီး ကွဲပြားမှုတွေ ရှိခဲ့ပါတယ်။ ငွေရေးကြေးရေး ချို့တဲ့သူတွေ အတွက်တော့ ဒီလို ဝန်ဆောင်မှုတွေကို ရယူနိုင်ဖို့ ပိုခက်ခဲပါတယ်။

 မိသားစုအပေါ် ငွေကြေးကိစ္စ ဝန်ထုပ်ဝန်ပိုး ဖြစ်သွားမှာကို စိုးရိမ်လို့ ဆေးဆက်မကုဘဲ ရပ်တန့်လိုက်တဲ့သူ အများအပြား ရှိခဲ့တယ်လို့ သုတေသန စစ်တမ်းက ဆိုပါတယ်။ ဒီစစ်တမ်းရဲ့ အဓိက ရည်မှန်းချက်ကတော့ အကျပ်အတည်း ကာလတွေမှာ ကြုံလာတဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုဘယ်ပုံ ကြံ့ကြံ့ခံခဲ့ကြသလဲ ဆိုတာကို မီးမောင်းထိုးပြဖို့ ဖြစ်တယ်လို့ ဒေါက်တာ ကြူကြူသန်းက ဆက်ပြောပါတယ်။

 ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာမသိမ်းခင် ကိုဗစ် ကပ်ရောဂါ တခုတည်းနဲ့တင် အခြေအနေက တော်တော် ဆိုးခဲ့ပြီးဖြစ်ကြောင်း၊ နောက်ပိုင်းမှာတော့ နိုင်ငံရေး အကျပ်အတည်းတွေက ကပ်ရောဂါနဲ့ ပေါင်းစည်းသွားပြီး အကြီးအကျယ် ခက်ခဲမှုတွေ ပေါ်ပေါက်လာကြောင်း၊ အထူးသဖြင့် အရင်းအမြစ် မကြွယ်ဝတဲ့၊ အဆက်အသွယ် မကောင်းတဲ့ လူနာတွေဟာ ဒီဒဏ်ကို ပိုခံရကြောင်း ဒေါက်တာ ကြူကြူသန်းက ဆိုပါတယ်။

 တဖက်မှာလည်း ဒီသုတေသန လေ့လာမှုကပဲ လူမှုအခြေပြု အသင်းအဖွဲ့တွေ၊ စေတနာ့ ဝန်ထမ်းတွေနဲ့ လူမှုကွန်ရက်တွေရဲ့ အရေးပါမှု၊ အထူးသဖြင့် အကျပ်အတည်း ကာလတွေမှာ ဘယ်လောက်ထိ အားကိုးအားထား ပြုနိုင်သလဲ ဆိုတာကို ထင်ဟပ် မြင်သာစေတယ်လို့လည်း သူက ထောက်ပြသွားပါတယ်။

နောက်ပြီး ကိုဗစ်ကပ်ရောဂါ ကာလမှာ လူမှုကွန်ရက်တွေဟာ ယုံကြည် အားကိုးထိုက်တဲ့ သတင်းအချက်အလက် ဖြန့်ဝေမှု အရင်းအမြစ်အဖြစ် ရပ်တည်ဖို့ အလားအလာတချို့ ပြသနိုင်ခဲ့ပါတယ်။

 ဒီလေ့လာမှုကို ReBUILD for Resilience ပရောဂျက်ရဲ့ အစိတ်အပိုင်း တခုအနေနဲ့ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

(Burnet Institute၏ Myanmar people and health system show resilience during double crises ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)