မတ်၊ ၈
စစ်ကောင်စီက သေဒဏ်စီရင်ခဲ့တဲ့ ကိုဇေယျာသော်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ နေပြည်တော်က အင်န်အယ်လ်ဒီ ပါတီဝင်တဦးဟာ ရမည်းသင်းထောင်မှာ လုံလောက်တဲ့ ဆေးကုသမှုမရလို့ မတ်လ ၇ရက်၊ မနေ့က ကွယ်လွန်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကွယ်လွန်သူဟာ ပျဉ်းမနားဒေသခံ အသက် ၆၀အရွယ် ဦးခင်မောင်တင့်ဖြစ်ပြီး ဇနီးနဲ့ သားနှစ်ဦးကျန်ရစ်တယ်လို့ သိရပါတယ်။
“ကိုတင့်(ဦးခင်မောင်တင့်)ဆုံးတာ ဟုတ်ပါတယ်၊ ဒီကနေ့ မွန်းလွဲ ၃ နာရီခွဲမှာ သဂြိုဟ်ပါမယ်။ ရမည်းသင်း သုဿန်မှာပါ”လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
စစ်အာဏာသိမ်းတာကို လက်မခံဘဲ ဆန့်ကျင်ခဲ့တဲ့ ဦးခင်မောင်တင့်ကို ၂၀၂၁ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ ပုဗ္ဗသီရိမြို့နယ်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)နဲ့ တရားစွဲဆိုပြီး ထောင်ဒဏ်ငါးနှစ်ချမှတ်ကာ ရမည်းသင်းအကျဉ်းထောင်ကို ပို့လိုက်ပါတယ်။ သွေးလေးဖက်နာရောဂါ၊ အဆုတ်ကင်ဆာရောဂါ ခံစားနေရတဲ့ ဦးခင်မောင်တင့်ဟာ ရမည်းသင်းဆေးရုံမှာ မတ်လ ၃ရက်က တက်ရောက်ကုသမှု ခံယူခဲ့ပေမယ့် ဆေးရုံတက်ပြီး ငါးရက်အကြာ မတ်လ ၇ရက်မှာ ကွယ်လွန်ခဲ့တာပါ။
“အထဲ (ထောင်ထဲ)မှာ ကိုတင့်က ဆေးဝါးကုသမှု လုံလုံလောက်လောက် မရခဲ့ဘူး”လို့မကြာသေးခင်က ရမည်းသင်းထောင်က လွတ်လာသူတဦးက ပြောပါတယ်။
ဦးခင်မောင်တင့်ဟာ ကိုဇေယျာသော်ဝင်ပြိုင်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနဲ့၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲနှစ်ကြိမ်လုံး ကိုဇေယျာသော်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ချက်နဲ့ လူပေါင်း ၃၀၀၀ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က စုဆောင်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
NLD ပါတီက ထုတ်ပြန်တဲ့ စာရင်းတွေအရတော့ အာဏာသိမ်းပြီးချိန်ကနေ အခုနှစ် ဇန်နဝါရီလဆန်းအထိ NLD ပါတီဝင် ၁၂၀၀ကျော် ဖမ်းဆီးခံရပြီး ၈၄ဦး သတ်ဖြတ်ခံရတယ်လို့ ဖော်ပြထားပါတယ်။
အင်န်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်တဲ့ ဦးဥာဏ်ဝင်းဟာလည်း အင်းစိန်ထောင်မှာ ကိုဗစ်ရောဂါ ဖြစ်ပွါးပြီး ၂၀၂၁ခုနှစ်၊ ဇူလိုင်လမှာ ရန်ကုန်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူရင်း ကွယ်လွန်တာလည်း ရှိပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို ညှင်းပန်းနှိပ်စက်တာ၊ ဆေးဝါးကုသခွင့်မပေးတာ၊ ထောင်ဝင်စာပိတ်ပင်တာ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြစ်တင်ဝေဖန်ထားပါတယ်။