ခင်ဦးက စစ်ရှောင်စခန်းမှာမွေးဖွားတဲ့ အမွှာကလေးငယ်အပါအဝင် မိခင်နဲ့ကလေးငယ်တွေ အကူအညီလိုအပ်နေ

နေ့စဉ်လိုလိုစစ်ကြောင်းထိုးမှုတွေကြား စစ်ဘေးရှောင်သောင်းချီရှိနေတဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲမှာ ကိုယ်ဝန်ဆောင်နဲ့ မွေးကင်းစကလေးငယ်တွေဟာ အကူအညီတွေ ပိုပြီးလိုအပ်နေတယ်လို့ စစ်ရှောင်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းထိုးမှုကြား ထွက်ပြေးတိမ်းရှောင်ရင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့မှာတော့ စစ်ဘေးရှောင်အမျိုးသမီးတဦးဟာ အမွှာရင်သွေးငယ်တွေကို မွေးဖွားခဲ့ပြီး လက်ရှိမှာတော့  နို့မှုန့်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

” ခင်ဦးအနောက်ဖက်ကမ်းက လေးကြိမ်မီးရှို့ခံရတဲ့ အင်ဖတ်ရွာက ကလေးမိခင်က စစ်ရှောင်ရင်းပဲ မွေးသွားတာ၊ မိန်းကလေးတယောက်၊ ယောကျ်ားလေးတယောက် မွေးတာ။ သူတို့အိမ်ကလည်း ဆင်းရဲတဲ့အပြင် အိမ်က မီးထဲပါသွားပြီ။ ကလေးတွေက အခုနို့ဗူးတဗူးကို နှစ်ယောက်သောက်နေရတယ်။ တရက်မှ နှစ်ကြိမ်ပဲ သောက်နိုင်တယ်” လို့ စစ်ဘေးရှောင်ကူညီပေးနေတဲ့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူက DNA ကို ပြောပါတယ်။

စစ်ရှောင်သောင်းနဲ့ချီရှိနေတဲ့ ခင်ဦးမြို့နယ်မှာဆိုရင် ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတွေနဲ့ ကလေးမွေးပြီစ သွေးနုသားနု မိခင်အပါအဝင် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်‌တွေအယောက် ၁၀၀ ကျော်ရှိနေပြီး အခက်အခဲတွေကြား အကူအညီတွေလိုအပ်နေတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ပြောဆိုထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့မှာလည်း ခင်ဦးမြို့နယ် အလယ်ရှိုကျေးရွာမှာ အသက် ၁၂ နှစ်အရွယ် မောင်ချစ်ရင်ထူးဆိုတဲ့ ကလေးငယ်ဟာ စစ်တပ်စစ်ကြောင်းထိုးချိန် ကျန်ခဲ့တဲ့ ကျည်ဖူးပေါက်ကွဲပြီး ပေါက်ကွဲမှုဖြစ်ကာ နေရာမှာပဲ သေဆုံးတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခင်ဦးမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်တွေရဲ့မီးရှို့ဖျက်ဆီးမှုတွေကြား ကျေးရွာပေါင်း ၆၆ ရွာကနေအိမ်ပေါင်း ၄၀၀၀ ကျော်မီးလောင်ဆုံးရှုံးခဲ့ပြီး လက်ရှိအချိန်ထိလည်း လူဦးရေးသောင်းချီဟာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရပါတယ်။

ဓာတ်ပုံ – ခင်ဦးသတင်းမှန်ပြန်ကြားရေး