မတ်၊ ၈
အီဂျစ်နိုင်ငံမှာ ရထားလမ်းချော်မှုတခု ဖြစ်ပွားပြီး အနည်းဆုံး လူနှစ်ဦးလောက် အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။
မတ် ၇ ရက်က ကိုင်ရိုမြို့တော် မြောက်ပိုင်းမှာ ခုတ်မောင်းနေတဲ့ ခရီးသည်တင် ရထားတစီး လမ်းချော်မှု ဖြစ်ခဲ့တာပါ။ ဒီမတော်တဆမှုမှာ အနည်းဆုံး ၂ ဦးသေပြီး နောက်ထပ် ၁၆ ဦးလောက် ထိခိုက်ဒဏ်ရာရတွေ ရခဲ့တယ်လို့ အီဂျစ် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
လမ်းချော်သွားတဲ့ ရထားဟာ ကူလီယွပ်ဘ်မြို့ ဘူတာရုံနားက ဘေးဖက် အတားအဆီး ပလက်ဖောင်းကိုပါ အရှိန်နဲ့ ဝင်တိုက်ခဲ့ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနရဲ့ ကနဦး စစ်ဆေး တွေ့ရှိမှု ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။
ရထားဟာ အရှိန်လျှော့ဖို့ အချက်ပြ မီးရောင်ကို တုံ့ပြန်မှု မရှိခဲ့ဘဲ လမ်းအတားအဆီး တခုကို ဝင်တိုက်ခဲ့ရာက ရထားတွဲ တချို့ လမ်းဘေးကို လွင့်စဉ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့တော့ အသေးစိတ် စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲပါ။
အခင်းဖြစ်တဲ့ နေရာမှာ လူနာတင်ယာဉ် အစီး ၂၀ လောက် ရောက်ရှိနေပြီး ဒဏ်ရာရသူတွေကို ကူညီပေးနေခဲ့တာကိုလည်း တွေ့ရပါတယ်။ သယ်ယူပို့ဆောင်ရေး ဝန်ကြီး ကာမဲလ် အယ်လ်ဝါဇာက အထူးကော်မတီတခု ဖွဲ့စည်းစေပြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ တိတိကျကျ၊ ပွင့်လင်းမြင်သာမှုရှိရှိ စစ်ဆေးသွားစေမယ်လို့ ပြောပါတယ်။
အီဂျစ် လူမှုဖူလုံရေး ဝန်ကြီးဌာနက သေဆုံးသူ တဦးစီရဲ့ မိသားစုတွေအတွက် အစိုးရက ထောက်ပံ့ကြေး အီဂျစ်ငွေ တသိန်း (၃၂၅၄ ဒေါ်လာ) နစ်နာကြေး ပေးအပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Ref: CNN