မတ်၊ ၈
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ နိုင်ပွဲအပြီး ချဲလ်ဆီး မန်နေဂျာ ဂရေဟမ် ပေါ့တားက သူ့အနေနဲ့ ပြောမပြတတ်အောင် ဝမ်းသာနေမိကြောင်း ဖွင့်ဟခဲ့ပါတယ်။
အခုနှစ်ထဲမှာ ချဲလ်ဆီး အသင်းရဲ့ ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေခဲ့ပြီး ထုတ်ပယ်ခံရမယ်လို့ သတင်းကြီးနေခဲ့ရာက ပေါ့တားဟာ လိဒ်စ်ယူနိုက်တက်ကို ပရီးမီးယားလိဂ်မှာ အနိုင်ရခဲ့သလို ဂျာမန်ကလပ် ဘိုရပ်ရှား ဒေါ့တ်မန်ကို အသာစီးယူပြီး ဥရောပ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကိုပါ တက်လှမ်းနိုင်ခဲ့တာကြောင့် အတော်လေး ဖိအား ပြန်လျော့သွားခဲ့ပါတယ်။
ချဲလ်ဆီးဟာ ဂျာမန်မြေမှာ ၁-၀ နဲ့ ရှုံးနိမ့်ထားပေမယ့် အိမ်ကွင်းမှာ ကျားကုတ်ကျားခဲ ကြိုးစားရင်း ၂-၀ နဲ့ အနိုင်ယူပြီး နောက်တဆင့်ကို အောင်အောင်မြင်မြင် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
သူဘယ်လို ခံစားနေရသလဲ ဆိုတာကို ပြောတောင် မပြောတတ်တော့ကြောင်း၊ အရမ်း စိတ်လှုပ်ရှားပြီး ပျော်နေမိကြောင်း၊ ဒေါ့တ်မန်နဲ့ပွဲ ပြီးခါနီး အခြေအနေတွေက ခက်ခဲပြီး စိတ်လေးလံစရာ ဖြစ်ခဲ့ပေမယ့် သူ့ကစားသမားတွေက အကောင်းဆုံး တုံ့ပြန် ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ ဒီနိုင်ပွဲဟာ ကစားသမားတွေ အတွက်ရော၊ အသင်းမှာ ရှိနေသူ အားလုံးအတွက်ပါ အရမ်းထူးကဲကြောင်း ပေါ့တားက ဆိုပါတယ်။
နိုင်ပွဲအပြီး အဝတ်လဲခန်းထဲက အခြေအနေဟာ မြူးကြွပြီး စိတ်သစ်လူသစ် ဖြစ်နေတဲ့ ခံစားချက်တွေ ထုံမွှန်းနေခဲ့ကြောင်း၊ ချန်ပီယံလိဂ် ပြိုင်ပွဲဟာ ချဲလ်ဆီးအတွက် အများကြီး အဓိပ္ပါယ် ရှိနေကြောင်း၊ အခုအခါ ချဲလ်ဆီးဟာ ခက်ခဲတဲ့ ကာလတွေကို ကျော်လွန်ပြီး ၂ ပွဲဆက်တိုက် ပေးဂိုးမရှိ အနိုင်ရခဲ့ပြီဖြစ်ကြောင်း၊ ဘဝမှာ ခက်ခဲတဲ့ ကာလတွေက အချိန်မရွေး ကြုံလာနိုင်ပေမယ့် သူ့ကစားသမားတွေရဲ့ တုံ့ပြန်ပြပုံက ထူးကဲလွန်းကြောင်းလည်း ပေါ့တားက ဆက်ပြီး ပြောကြားသွားခဲ့ပါတယ်။
Ref: Goal