ပြည်သူ့ကာကွယ်ရေးတပ်တွေကို မွမ်းမံသင်တန်းတွေနဲ့ လက်နက်ခဲယမ်းတွေ တိုးမြှင့်ဖြည့်တင်းထားတယ်လို့ NUG ထုတ်ပြန်

မတ်၊ ၅

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ နယ်မြေအတွင်းမှာ မနေ့ မတ်လ ၄ ရက်နေ့က  ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂဠုန်စစ်ကြောင်းရဲ့ မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း NUG က ထုတ်ပြန်လာပါတယ်။

တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်းတွေဟာ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး စစ်ရေးဖော်ဆောင်မှုတွေမှာ ရဲဘော်တွေဟာ ကွပ်ကဲမှုတွေနဲ့ ချိတ်ဆက်မှုတွေ ပိုမိုအားကောင်းလာသလို အရပ်သားပြည်သူတွေနဲ့ စစ်ရေးလှုပ်ရှားမှုမှာ ကျင့်ဝတ်နဲ့ စည်းမျဉ်းတွေကို လိုက်နာပြီး တရားသောစစ်ကို ဆင်နွှဲလျှက်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း ရဲဘော်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည် ပိုမိုကောင်းမွန်လာစေဖို့ မွမ်းမံသင်တန်းတွေ သင်ကြားပေးတာတွေနဲ့ လက်နက်ခဲယမ်းတွေ တိုးမြှင့်ဖြည့်တင်းဆောင်ရွက်လျှက်ရှိတယ်လို့  NUG က ထုတ်ပြန်ချက်မှာ ဆက်ပြီးဖော်ပြထားပါတယ်။

ဓာတ်ပုံ – ရဲဘော်ဗိုလ်ချုပ်