မသုံးဘဲ သိမ်းထားတဲ့ Leopard 2 တင့်ကားတွေ ပြန်ရောင်းပေးဖို့ ဆွစ်ဇာလန်ကို ဂျာမနီ တောင်းဆို

ဝယ်ယူထားပြီး ထိထိရောက်ရောက် သုံးစွဲတာမျိုး မရှိတဲ့ Leopard 2 တင့်ကားတွေကို ပြန်ရောင်းချပေးဖို့ ဆွစ်ဇာလန်ကို ဂျာမနီက မေတ္တာ ရပ်ခံထားပါတယ်။

အဲဒီ အကြောင်းအရာအတွက် ဆွေးနွေးမှုကို ဆွစ်ဇာလန်နဲ့ ဂျာမနီ အစိုးရတွေက မတ်လ ၃ ရက်မှာ အသီးသီး အတည်ပြုခဲ့ကြပါတယ်။ ဆွစ်ဇာလန်ဟာ ဂျာမန်လုပ် Leopard 2 ၁၃၄ စီးကို အသုံးပြုနေပြီး အပိုဆောင်း သိုလှောင်ထားတာ ၉၆ စီး ရှိပါသေးတယ်။ 

ဂျာမနီက အဲဒီ အပိုဆောင်း သိုလှောင်ထားတဲ့ တင့်ကားတွေထဲက တချို့ကို ပြန်ရောင်းချပေးဖို့ ဆွစ်ဇာလန်ကို အကူအညီ တောင်းခဲ့တာ ဖြစ်ပါတယ်။ ဒါမှသာ အနောက်မဟာမိတ် နိုင်ငံတွေ အနေနဲ့ ယူကရိန်းကို တင့်ကားတွေ ဖြည့်တင်း ကူညီရာမျာ ပိုပြီး ထိရောက်မှု ရှိနိုင်တာကြောင့်ပါ။

ဆွစ်ဇာလန်ဟာ အစဉ်အလာအရ ကြားနေနိုင်ငံ တခုအဖြစ် ရပ်တည်လေ့ရှိပြီး ယူကရိန်းဆီ တင့်ကားတွေ တိုက်ရိုက် လွှဲပြောင်းပေးတာမျိုးကိုတော့ ရှောင်မယ့်သဘော ရှိပါတယ်။ ဒါပေမဲ့ NATO အဖွဲ့ဝင် နိုင်ငံတွေဆီ Leopard 2တွေ ရောင်းချပေးတဲ့ သွယ်ဝိုက် နည်းလမ်းမျိုးကိုတော့ စဉ်းစားလာနိုင်ပါတယ်။

လောလောဆယ် ဂျာမနီ၊ ပေါ်တူဂီ၊ ဖင်လန်၊ ပိုလန်နဲ့ ဆွီဒင်တို့ဟာ ယူကရိန်းအတွက် Leopard-2တွေ ထောက်ပံ့ဖို့ အသီးသီး ကတိပြုထားကြပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ မဟာမိတ်နိုင်ငံ တော်တော်များများ ကြုံနေတဲ့ ပြဿနာက တင့်ကားတွေကို ရှိရင်းစွဲ အသုံးပြုနေတဲ့ထဲက ခွဲပေးရမယ့် ကိစ္စပါပဲ။

ဂျာမနီက ဆွစ်ဇာလန်ဆီ အတည်ပြု ကမ်းလှမ်းထားတဲ့ တရားဝင် စာလွှာထဲမှာတော့ ဆွစ်ဇာလန်ဆီက ပြန်ဝယ်မယ့် Leopard 2တွေကို ယူကရိန်းဆီ ပို့ဆောင်မှာ မဟုတ်ကြောင်း၊ အဲဒီ တင့်ကားတွေဟာ ဂျာမနီ၊ ဒါမှမဟုတ် တခြား NATO မဟာမိတ် နိုင်ငံတွေရဲ့ လက်ထဲမှာပဲ ရှိမယ်လို့ အာမခံကြောင်း ရေးသားထားတယ်လို့ ဆွစ်ဇာလန် သတင်းဌာန တခုက ဖော်ပြခဲ့ပါတယ်။

ဆွစ်ဇာလန်မှာ ကြားနေဝါဒ ဆွဲကိုင်မယ့် ဥပဒေတွေအရ ယူကရိန်းဆီ တိုက်ရိုက် စစ်လက်နက်တွေ တင်ပို့ခွင့်ကို တားမြစ်ထားပါတယ်။ ဂျာမနီရဲ့ ပန်ကြားမှုနဲ့ ပတ်သက်လို့ ဆွစ်ဇာလန် ကာကွယ်ရေး ဝန်ကြီး ဗိုင်ရိုလာ အမ်းဟက်ဒ်က အပိုဆောင်း သိုလှောင်ထားတဲ့ တင့်ကားတွေကို ရောင်းချဖို့ ဆိုတာက လွှတ်တော် ခွင့်ပြုချက် ယူပြီး တရားဝင် ကြေညာဖို့ လိုအပ်တယ်လို့ အကြောင်းပြန်ထားပါတယ်။

လက်ရှိ အချိန်မှာတော့ အဲဒီကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော်ရဲ့ သဘောထားကို တိတိကျကျ မသိရသေးပါဘူး။ ဆွစ်ဇာလန် အစိုးရကတော့ နောက်ဆက်တွဲ ကိစ္စတွေကို လာမယ့် သီတင်းပတ်လောက်မှာ ကြေညာမယ်လို့ ယုံကြည်ရပါတယ်။

Ref: Reuters