ရှမ်းပြည်တောင်ပိုင်း၊ ပင်းလောင်းမှာ စစ်ရေးတင်းမာနေပြီး ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရ

ဖေဖော်ဝါရီ ၊ ၂၆

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ KNDF ပူးပေါင်းတပ်တွေကြားနှစ်ဖက်စစ်ရေးတင်းမာနေပြီး တိုက်ပွဲပြင်းထန်နိုင်တဲ့အခြေအနေဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီအခြေအနေတွေကြောင့် ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့လည်း မြို့ခံတဦးကပြောပါတယ်။

“အခုချိန်ကတော့ ရွာသားတွေ အကုန်လုံး စစ်ရှောင်နေရတယ်ပေါ့။ အဲဘက်က စစ်ကောင်စီနဲ့ ပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ နှစ်ဖက်စလုံးအင်းအားတိုးနေတော့ တိုက်ပွဲပြင်းထန်လာနိုင်တဲ့ အခြေအနေရှိနေတယ်။ ဒီနေ့က စကစဘက်က လူတွေ အများကြီး နေရာယူထားတာ တွေ့တယ်။  လမ်းပေါ်တွေမှာရော တောင်ကြောတွေမှာရော ယူထားကြတယ်။ တိုက်ပွဲတွေကတော့ အချိန်မရွေး ပြင်းပြင်းထန်ထန်ဖြစ်ပွားနိုင်တဲ့ အနေအထားပေါ့” လို့ ပင်လောင်းမြို့က ဒေသခံ တစ်ဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်က ဆောင်းပြောင်းကျေးရွာအနီးက စစ်ကောင်စီစခန်းတစ်ခုမှာ KNDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် အကျအဆုံး အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ လည်း ဒေသခံတွေကပြောပါတယ်။

ဒီတိုက်ပွဲအပြီးမှာတော့ ဖယ်ခုံမြို့အခြေစိုက် စကခ (၇)က  တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ တောင်စလုံး၊ မြောက်စလုံး၊ နန်းနင်နဲ့ ကောင်မဲတင်းကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့်

 တောင်စလုံးကျေးရွာနေ အသက် (၄၆) နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးတဲ့ဖြစ်စဉ်လည်းဖြစ်ခဲ့ပါတယ်။

“အဲဒီ ၂၄ က တိုက်ပွဲဖြစ်တယ်။ ဆောင်းပြောင်းအကျော်အနားမှာပါ။ ဒေသကာကွယ်ရေးအဖွဲ့တွေက အဲဒီရွာတွေဘက် ထွက်သွားတယ် ထင်လို့ စကစက အဲဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်တာပေါ့။ အိမ် ၄ လုံးပျက်စီးသွားတယ်။ တောင်စလုံးက အမျိုးသမီး တစ်ဦးသေဆုံး၊ ရွာသားတွေက စစ်ရှောင်နေရတယ်။ စကစ ပစ်တာက ဟိုဘက်ကို မထိပဲနဲ့ ရွာသားတွေကိုပဲ ထိတာပေါ့နော်” လို့ ဒေသခံတဦးက ပြောပါတယ်။ 

မနေ့ဖေဖော်ဝါရီ ၂၄ ရက်မှာလည်း  စစ်ကောင်စီက အဲဒီရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့ ထပ်မံ ပစ်ခတ်နေမှုတွေလုပ်ခဲ့ပြီး ရွာသားတွေကတော့ စစ်ဘေးရှောင်နေပြီဖြစ်လို့ ထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။

လက်ရှိမှာ ဆောင်းပြောင်းရွာအနီးတိုက်ပွဲနဲ့ စစ်ရေးတင်းမာနေတဲ့အခြေအနေတွေကြောင့် ဒေသခံရွာပေါင်း ၄ ရွာထက်မနည်းက လူပေါင်း ၄၀၀၀ လောက်ဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ရှောင်တချို့ကတော့ ဘုန်းတော်ကြီးကျောင်းတွေမှာနေထိုင်ကြသလို တချို့စစ်ရှောင်တွေကတော့ စစ်တပ်ရဲ့လမ်းပိတ်ဆို့မှုတွေကြောင့် တောတောင်တွေထဲ တိမ်းရှောင်နေထိုင်ကြရတယ်လို့လည်းစစ်ဘေးရှောင်ဒေသခံတွေကပြောပါတယ်။

ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းတွေနဲ့ ကင်းပုန်းစခန်းတွေဟာ မကြာခဏတိုက်ခိုက်ခံနေရပြီး အဲဒီမြို့နယ်တွေရဲ့ အစပ်မှာ PNO တပ်တွေနဲ့ အတူ စစ်ကောင်စီဟာ တပ်အင်အားဖြည့်တင်းနေတယ်လို့ လည်း KNDF က ဖေဖော်ဝါရီ ၂၅ ကထုတ်ပြန်ထားပါတယ်။