ဖေဖာ်၀ါရီ၊ ၂၅
စစ်ကိုင်းတိုင်း၊ကန်ဘလူမြို့နယ်တောင်ပိုင်း၊ထန်းကုန်းတိုက်နယ်မှာ ဒီကနေ့မနက်အစောပိုင်းက မိုင်းနင်းမိလို့ တမနက်တည်း ငါးဦး ဒဏ်ရာရပြီးတဦးစိုးရိမ်ရတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
ထန်းကုန်းတိုက်နယ်အတွင်း ပျူစောထီးရွာအဖြစ် လူသိများတဲ့ညောင်ဇင်ရွာအနီးမှာ မိုင်းပေါက်ကွဲမှုဖြစ်ခဲ့တာ ဖြစ်ပြီး အဲ့ဒီမိုင်းတွေဟာ ပျူစောထီးတွေက သူတို့ရွာလုံခြုံရေးအတွက် ထောင်ထားတဲ့မိုင်းတွေဖြစ် တယ်လို့ ဆိုပါတယ်။
“အဲဒီရွာက ပျူတွေအားကောင်းတဲ့ရွာဆိုတော့ PDF တွေအနားမကပ်နိုင်အောင် ထောင်ထားတဲ့ မိုင်းတွေရှိတယ်၊ ရွာဘေးမှာ မိုင်းတွေရှိတယ်၊ပြည်သူတွေလာတဲ့အချိန် မိသွားတာပါ၊အဲဒါ့ပေါက်ကွဲပြီး ငါးဦးထိသွားတာပါ၊ တ ယောက်ကတော့ စိုးရိမ်ရတယ်”လို့ ကန့်ဘလူဒေသခံကပြောပါတယ်။
မိုင်းထိသူတွေဟာ ကန့်ဘလူ ကာဘိုးရွာဘက်ကနေ ဆိုင်ကယ်နဲ့ ရွာစဉ်လှည့် ဈေးရောင်းတဲ့ လင်မယားနှစ်ဦးနဲ့ ညောင်ဇင်ရွာခံသုံးဦးဖြစ်တယ်လို့ သိရပါတယ်။ကျေးရွာ အဝင်အထွက်လမ်းမှာ မိုင်းနင်းမိပြီးပေါက်ကွဲခဲ့တာဖြစ် တယ်လို့ ကန့်ဘလူဒေသမြေပြင်သတင်းတွေ ဖော်ပြနေတဲ့ Infinity Group ကဆိုပါတယ်။
အဲဒီ ညောင်ဇင်ရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက် ကလည်း မိုင်းပေါက်ကွဲမှုဖြစ်လို့ ပြည်သူတဦးနဲ့ နွားနှစ် ကောင် ထိခိုက်ခဲ့သေးတယ်လို့သိရပါတယ်။ပျူရွာဖြစ်တာကြောင့် ရွာအနီးပေါက်ကွဲတဲ့မိုင်းတွေဟာ ပျူစောထီးတွေထောင် ထားတာလို့ ဒေသခံတွေကပြောပေမယ့် DNA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
“တချို့နေရာတွေမှာတော့ လုံခြုံရေးအရ ကျေးရွာအနီးနားကို မိုင်းထောင်းတာတွေရှိတယ်၊ဒါပေမယ့် လူထုကို တော့ အသိပေးထားတယ်၊ဘယ်ကနေမဝင်နဲ့ ဘယ်ကမသွားနဲ့ဆိုတာမျိုးပေါ့၊ပျူတွေကျတော့ သူတို့ဘာသာ ထောင်ချင်တဲ့ နေရာထောင်တော့ လူတွေက မသိကြဘူး ” လို့ ကန့်ဘလူ ဒေသခံ တဦးကဆိုပါတယ်။