ယူကရိန်း အဓွန့်ရှည် ရပ်တည်နိုင်မှာ ဖြစ်တယ်လို့ စစ်ပွဲ နှစ်ပတ်လည် ကာလမှာ သမ္မတပြော

ရန်လို ကျူးကျော်မှုတွေကို ကြံ့ကြံ့ခံ တွန်းလှန်ရင်း ယူကရိန်းနိုင်ငံဟာ အဓွန့်ရှည်ကြာစွာ ဆက်လက် ရပ်တည်နေမယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားလိုက်ပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ပွဲ စတင်တာ တနှစ်ပြည့်မြောက်ဖို့ တရက်အလို ဖေဖော်ဝါရီ ၂၃ မှာ ဇီလန်စကီးက အခုလို မှတ်ချက် ပေးခဲ့တာပါ။ သမ္မတက သူ့နိုင်ငံဟာ ကျူးကျော်သူ ရုရှားတပ်တွေအပေါ် အောင်ပွဲခံနိုင်ဖို့လည်း ယုံကြည်မှု အပြည့်ရှိတယ်လို့ ဆိုပါတယ်။

တဖက်မှာတော့ ရုရှားဟာ စစ်ပွဲ နှစ်ပတ်လည်နေ့မှာ ယူကရိန်းကို အင်အား အလုံးအရင်းနဲ့ နောက်ထပ် ထိုးစစ်ဆင် တိုက်ခိုက်မှုတခု စတင်လာမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

 လွန်ခဲ့တဲ့ တနှစ်က ရုရှားတပ်တွေဟာ ယူကရိန်းကို အရပ်မျက်နှာ ပေါင်းစုံကနေ တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြသလို သီတင်းပတ် အနည်းငယ်အတွင်း ကိယက်ဗ် မြို့တော်ကိုပါ သိမ်းယူမယ်လို့ ယုံကြည်မှု အပြည့် ရှိနေခဲ့ကြပါတယ်။ ဒါပေမဲ့ ယူကရိန်းရဲ့ ကြံ့ကြံ့ခံမှုနဲ့ အနောက်မဟာမိတ် နိုင်ငံတွေရဲ့ ဝိုင်းဝန်း ပံ့ပိုးမှုတွေကြောင့် အခြေအနေတွေက ထင်သလို ဖြစ်မလာခဲ့ဘဲ အခုဆိုရင် ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ဆုပ်လည်းစူး၊ စားလည်းရူး ဘဝမျိုးနဲ့ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်လာရပါတယ်။

ဇီလန်စကီးက ယူကရိန်းဟာ ပြိုလဲ ပျက်စီးမသွားနိုင်ကြောင်း၊ ဆိုးရွားတဲ့ အတွေ့အကြုံတွေ အများကြီးကို ဖြတ်သန်းခဲ့ပြီး ဖြစ်သလို ရေရှည်ဆက်လက် တည်တံ့နေမှာဖြစ်ကြောင်း၊ ကိုယ့်နိုင်ငံ ပိုင်နက်ထဲကို ကြမ်းတမ်း ရက်စက်တဲ့ စစ်ပွဲတခု ယူဆောင်လာတဲ့သူ အားလုံးကိုလည်း ဒဏ်ခတ်မှာဖြစ်ကြောင်း ပြောပါတယ်။

ယူကရိန်းက စစ်ပွဲမှာ သေချာပေါက် အနိုင်ရမှာဖြစ်ကြောင်း၊ ဒါပေမဲ့ စစ်ပွဲက ဘယ်လောက်ထိ ရှည်ကြာဦးမလဲ ဆိုတာကိုတော့ မသိသေးသလို စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်း၊ နောက်ထပ် ထိခိုက်နစ်နာသူတွေ ဘယ်လောက်များများ ပေါ်ထွက်လာဦးမလဲ ဆိုတာကိုလည်း မသိသေးကြောင်း သူက ဆိုပါတယ်။

ယူကရိန်း စစ်ထောက်လှမ်းရေးဌာန အကြီးအကဲ ကိုင်ရီလို ဘူဒါနော့ဗ်ကတော့ စစ်ပွဲ နှစ်ပတ်လည်ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားက ဒုံးကျည်တွေ အလုံးအရင်း ပစ်ခတ် တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း သတိပေးထားပါတယ်။ ဒါပေမဲ့ ဒီလို ကိစ္စမျိုးကို အကြိမ် ၂၀ လောက် ကြုံဖူးခဲ့ပြီး ဖြစ်သလို နောက်ထပ် ကြုံလာရင်လည်း သေချာပေါက် ရှင်သန် ဖြတ်သန်းနိုင်မှာဖြစ်ကြောင်း သူက ဆိုပါတယ်။

တနှစ်တာ ရှည်ကြာခဲ့တဲ့ စစ်ပွဲကြီးအတွင်း နှစ်နိုင်ငံစလုံးမှာ ထိခိုက်သေကြေမှု တသိန်းခွဲစီလောက်ထိ ရှိထားပြီး ဖြစ်လိမ့်မယ်လို့ အနောက်နိုင်ငံတွေရဲ့ ထောက်လှမ်းရေးတွေက ခန့်မှန်း တွက်ဆထားကြပါတယ်။

 

Ref: Kyiv Post