မကွေးတိုင်း ပေါက်မြို့နယ်မြောက်ပိုင်းက စစ်ကောင်စီတပ်တွေစခန်းချနေထိုင်တဲ့ ရွှေဘုံသာရွာနဲ့ဆပန်ရွာက စစ် သားတွေနဲ့ ပျူစောထီးတွေကို ဒေသကာကွယ်ရေးတပ်တွေက ဖေဖော်ဝါရီ (၁၆)ရက်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။
ဒေသတွင်းမှာ ပျူစောထီးရွာတွေအဖြစ် လူသိများတဲ့ ရွှေဘုံသာနဲ့ ဆပန်ရွာတို့ကို ဒေသကာကွယ်ရေးတပ်တွေက ဖေဖော်ဝါရီ ၁၆ရက် နေ့လယ်ပိုင်းမှာ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် အထိနာလို့ အဲ့ဒီရွာတွေမှာ တပ်စွဲထားတဲ့ စစ်တပ် ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့က အရင်ပစ်ခဲ့ရတာ၊ဘောက်တစ်ဘောက်လောက်ကုန်တယ်၊သူတို့ဘက်က လေး ငါးချက်ပဲ ပြန်ပစ်တာ” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင် အမှတ် ၁၄ တပ်ရင်း တပ်ခွဲ ၂ ကတပ်ခွဲမှုး ဘလက် က DNA ကိုပြောပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်သားနဲ့ပျူစောထီး ခြောက်ဦးလောက်သေဆုံးတယ်လို့သူကဆိုပါတယ်။ဒါ့အပြင် ရွာအတွင်း ကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာကြောင့် ပျူစောထီးတွေရဲ့လက်နက်တိုက်နဲ့ ပျူစောထီးခေါင်းဆောင်ရဲ့ နေအိမ် လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုဖြစ်စဉ်နဲ့ ထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ DNA က သီးခြားအတည်မပြုနိုင်ပါဘူး။ တိုက် ပွဲအတွင်း ကာကွယ်ရေးတပ်ဘက်ကလည်း လက်နက်ကြီးပြောင်းကွဲသွားလို့ တပ်ဖွဲ့ဝင်တဦး ဒဏ်ရာရ ခဲ့တယ်လို့သိရပါတယ်။
“ဒဏ်ရာရတဲ့ ကလေးကတော့ ပါးစပ်နဲ့ ပခုံးမှာ ဒဏ်ရာရတာ၊၄၀ မမပြောင်းကွဲတာ၊အခုတော့ အသက်အန္တရာယ် မရှိတော့ပါဘူး” လို့တပ်ခွဲမှူး ဘလက်ကပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ပေါက်မြို့ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့၊ပခုက္ကူတော်လှန်ရေးတပ်ဦး PRF၊ပခုက္ကူ ခရိုင် တပ်ရင်း(၁၆)နဲ့ တခြားမဟာမိတ်တပ်ပေါင်းစုတွေပါဝင်တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။