ပြိုင်ဘက်တွေက မန်ချက်စတာ စီးတီးကို ဝိုင်းဖိနှိပ် ထိုးနှက်နေတယ်လို့ ဂွါဒီယိုလာ စွပ်စွဲ

ပြိုင်ဘက် အသင်းတွေက သူတို့ကို ပစ်မှတ်ထားပြီး ဝိုင်းဝန်း ဖိနှိပ်နေကြောင်း မန်ချက်စတာ စီးတီး မန်နေဂျာ ပက်ပ် ဂွာဒီယိုလာက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

အင်္ဂလန် ပရီးမီးယားလိဂ်က စီးတီးကို ဘဏ္ဍာရေး ကန့်သတ်ချက် စည်းမျဉ်းတွေ (FFP)ကို အကြိမ်ကြိမ် ချိုးဖောက်ထားကြောင်း စွဲချက်တင်ထားတဲ့ အခြေအနေမှာ ပြိုင်ဘက် ၁၉ သင်းကပါ သူတို့ကို ဝိုင်းဝန်း ထိုးနှက်နေကြောင်း စပိန်သား မန်နေဂျာက ဆိုပါတယ်။

ပြီးတော့ အခုလို အကျပ်အတည်း ကာလမျိုးမှာ သူဟာ စီးတီးအတွက် ပိုပြီးတောင် စိတ်နှစ်မြှုပ်ထားပေးပြီး အသင်းမှာ ဆက်ရှိနေမယ်လို့လည်း ဂွာဒီယိုလာက ပြောပါတယ်။ စီးတီးကို FFP ချိုးဖောက်မှုအတွက် ပရီးမီးယားလိဂ်က စွဲချက် တင်ခဲ့တဲ့နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ဂွာဒီယိုလာက အသင်းနဲ့ ပတ်သက်လို့ လူသိရှင်ကြား ကာကွယ် ပြောကြားလာခဲ့တာပါ။

စုံစမ်းစစ်ဆေးမှုတွေ ပြီးသွားလို့ သူ့အသင်းမှာ အပြစ်မရှိကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ရင်တောင်မှ ဝိုင်းပြီး ပုံဖျက်ထားကြတဲ့ ဒဏ်တွေကြောင့် အကြီးအကျယ် ထိခိုက်ပြီးသွားပြီး ဖြစ်လိမ့်မယ်လို့လည်း ဂွာဒီယိုလာက ဆိုပါတယ်။ ဒါဟာ ပရီးမီးယားလိဂ် ဖြစ်ကြောင်း၊ ဘာကြောင့် ဒီလို ဝိုင်းဖိကြသလဲ ဆိုတာကို သူလည်း မပြောတတ်ကြောင်း၊ ဒန်နီလီဗိုင်း (တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ အမှုဆောင်ချုပ်)လို အသင်း အကြီးအကဲတွေကို သွားမေးသင့်ကြောင်း ဂွာဒီယိုလာက သတင်းထောက်တွေကို ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းကလည်း စီးတီးဟာ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)ဆီက အလားတူ စွဲချက်နဲ့ ရင်ဆိုင်ခဲ့ရဖူးပေမယ့် နိုင်ငံတကာ အားကစား ကျင့်ဝတ် ခုံရုံးမှာ အယူခံဝင်ပြီး အရမ်းဆိုးရွား ပြင်းထန်တဲ့ ပြစ်ဒဏ်မျိုးကနေ ရှောင်လွှဲနိုင်ခဲ့ပါတယ်။ သူ့အနေနဲ့ကတော့ အဲဒီ ကတည်းက စီးတီးဟာ သိက္ခာချ ခံခဲ့ရပြီးပြီလို့ ခံစားမိကြောင်း၊ အခုသီတင်းပတ်မှာ ထပ်ကြုံလာတဲ့ ကိစ္စကလည်း UEFAရဲ့ စွဲချက်နဲ့ ဘာမှ မကွာကြောင်း သူက မှတ်ချက် ပေးခဲ့ပါတယ်။

သူ့အသင်းကို ဝိုင်းအကောက်ကြံနေတဲ့ ပရီးမီးယားလိဂ် အသင်း အနည်းဆုံး ၉ သင်း ရှိတယ်လို့လည်း ဂွာဒီယိုလာက စွပ်စွဲပါတယ်။ အဲဒီအသင်းတွေဟာ ဘန်လေ၊ ဝုလ်ဗ်စ်၊ လက်စ်တာစီးတီး၊ နယူးကာဆယ် ယူနိုက်တက်၊ တော့တင်ဟမ်၊ အာဆင်နယ်၊ မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ ဖြစ်တယ်လို့ ဂွာဒီယိုလာက နာမည်တပ် ဝေဖန်သွားပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းက သူတို့ အသင်းကို ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ဖယ်ထုတ်ဖို့ ကြိုးစားမှုတွေနဲ့ ကြုံခဲ့ရသလို အခုလည်း လိဂ်တူးလောက် အဆင့်ထိ တန်းဆင်းရအောင် ဝိုင်းကြံစည်နေပြန်ကြောင်း ဂွာဒီယိုလာက ဆိုပါတယ်။

တစ်ချိန်တုန်းက သူဟာ စီးတီးသာ FFP စည်းမျဉ်းတွေ ချိုးဖောက်ကြောင်း စစ်ဆေး ပေါ်ပေါက်ပြီး အသင်း တာဝန်ရှိသူတွေက သူ့ကို လိမ်ညာထားမှန်း သိလာခဲ့ရင် အသင်းကနေ ထွက်ခွာမယ်လို့ ပြောဆိုဖူးပါတယ်။ သတင်းထောက်တွေက အဲဒီအကြောင်း ပြန်မေးတဲ့အခါ ဂွာဒီယိုလာက ဒါဟာ UEFAရဲ့ စွပ်စွဲမှု သက်သက် ဖြစ်ခဲ့ပြီး အသင်းကတော့ လုံးဝဥဿုံ အပြစ်ကင်းစင်ကြောင်း သက်သေ ပြနိုင်ခဲ့ကြောင်း၊ အခုလည်း ဒါမျိုး ထပ်မဖြစ်ဘူးလို့ ယုံကြည်ချက် မထားနိုင်စရာ အကြောင်းမရှိကြောင်း၊ အရေးကြီးတာက ပရီးမီးယားလိဂ် ၁၉ သင်းဟာ စီးတီးကို ခုခံခွင့် မပေးဘဲ ဝိုင်းစွပ်စွဲပြီး ဖိထောင်းချင်နေကြတယ်ဆိုတဲ့ အရှိတရားကို နားလည်ထားဖို့ ဖြစ်ကြောင်း သူက တုံ့ပြန်သွားပါတယ်။