နှစ်နှစ်အတွင်း KNU နယ်မြေတွေမှာ တိုက်ပွဲ ရှစ်ထောင်ကျော်ဖြစ်ပြီး KNU နဲ့ PDF တပ်ဖွဲ့ဝင် နှစ်ရာ ကျော်ကျဆုံး

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်တာအတွင်း ကရင်အမျိုးသားအစည်းရုံး (KNU) ကော်သူးလေအုပ်ချုပ်န ယ် မြေတွေထဲ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေမှာ KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ရာကျော်ကျဆုံးခဲ့ပြီး (၆၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ် လို့ KUN ဗဟိုက ဒီကနေ့ မှာ ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေးအုပ်ချုပ်နယ်မြေထဲ နည်းလမ်းအမျိုးမျိုးနဲ့ရောက်ရှိလာကြတဲ့ ပြည်သူလူထုတွေ၊ ကျောင်းသားလူငယ်တွေ၊ ဆန္ဒပြသူတွေကို သက်ဆိုင်ရာနယ်မြေတာဝန်ရှိသူတွေက စစ်အာဏာရှင်စနစ် အမြစ်ပြတ်တွန်းလှန် တော်လှန်နိင်မယ့်သူတွေကို အဆင့်ဆင့်စိစစ်ရွေးချယ်ခဲ့ပြီးနောက် အခြေခံစစ်သဘောတရားနဲ့ အခြေခံစစ်သင်တန်းတွေကို သင်ကြားပို့ချပေးခဲ့တယ်လို့ KNU က ဆိုပါတယ်။

ဒါအပြင် တချို့သောလူငယ်တွေကလည်း ကိုယ်တိုင် ရန်ပုံငွေတွေ ရှာဖွေပြီး စစ်သင်တန်းတွေ သင်ကြားပေးဖို့ တောင်းဆိုခဲ့တဲ့အပေါ် မှာလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့က အခြေခံစစ်သင်တန်းတွေ ပို့ချပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။

အဲဒီနောက်မှာ KNU လက်အောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက KNLA, KNDO တို့နဲ့တူ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်တိုက်ခိုက်ခဲ့ကြတဲ့ ၂ နှစ်တာကာလအတွင်းမှာ KNLA နဲ့ KNDO တပ်ဖွဲ့အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် ၂၁၉ ဦး ကျဆုံးခဲ့ကာ ၆၀၅ ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ‌KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါအပြင် စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေအထိ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူလေးအုပ်ချုပ်နယ်မြေမှာ တိုက်ပွဲပေါင်း (၈၀၃၈) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က (၆၈၇၆) ဦးသေဆုံးကာ (၅၅၁၉) ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါဟာ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းကို စစ်ကောင်စီတပ်ဖွဲ့တွေက နယ်မြေစိုးမိုးရေးအတွက် တပ်အင်အားတိုးချဲ့တာ၊ စစ်ရေး လှုပ်ရှားမှု လုပ်ဆောင်လာတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့  (KNDO) တို့နဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အခါမှာ ပြည်သူတွေပိုင်ဆိုင်တဲ့ နေအိမ်တွေ မီးရှို့ခံရတာ၊ ငွေကြေးပစ္စည်းဥစ္စာတွေလည်း ယူဆောင်ဖျက်ဆီးခဲ့တဲ့အပြင် နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံပြည်သူ အများအပြားထိခိုက်သေဆုံးခဲ့သလို နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတွေကလည်း အများအပြားရှိခဲ့ပြီး စစ်ရှောင်တွေကတော့ ဒီကနေ့အထိ နေရပ်မပြန်လာရဲကြသေးဘူးလို့ စစ်ရှောင်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့အထိ ကရင်ပြည်နယ်အပါအဝင် နိုင်ငံတဝှမ်းလုံးမှာ နေရပ်စွန့်ခွာထွက်ပြေးသူပေါင်း ၁ ဒဿမ ၅ သန်းကျော်ရှိပြီး အဲဒီအထဲက လူဦးရေ ၁ ဒဿမ ၁ သန်းဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြသူတွေ ဖြစ်တယ်လို့ United Nations OCHA Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။