ဘုရားသုံးဆူရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က နေ့အချိန်ဧည့်စာရင်းစစ်ပြီး လူငယ်နှစ်ဦးကိုဖမ်းဆီး

ဖေဖာ်၀ါရီ၊ ၂၅

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မ ရဲစခန်း ဒီကနေ့ ဖေဖော်ဝါရီ ၂၅ရက် မနက်အစောပိုင်းက တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က နေ့လယ်ပိုင်းမှာ မြို့တွင်းမှာ ဧည့်စာရင်းလိုက်စစ်ခဲ့ပြီး လူငယ်နှစ်ဦးကို ဖမ်း ဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဘုရားသုံးဆူမြို့မရဲစခန်းကို ဒီကနေ့ မနက် ၅နာရီဝန်းကျင်မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် လို့နာရီပိုင်းကြာ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ရဲစခန်းမီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလိုနှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ပြီးနောက် ရဲစခန်းအနီး ဂေါက်ကွင်းစုအမှတ်(၂)ရပ်ကွက်အတွင်း ကနေအိမ် တွေကို ဒီကနေ့ နေ့လယ် ၁နာရီအချိန်မှာစစ်ကောင်စီလက်အောက်ခံအဖွဲ့ကဝင်ရောက် ဧည့်စာရင်းစစ်ဆေး ကာလူငယ်နှစ်ဦးကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ အဲ့ဒီရပ်ကွက်အတွင်းနေထိုင်သူတဦးကပြောပါတယ်။

ဘုရားသုံးဆူမြို့ရဲစခန်းတိုက်ခိုက်ခံရစဥ် အချိန်နှစ်နာရီဝန်းကျင်ကြာထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီ လက် အောက်ခံရဲတဦးနဲ့စစ်သားတဦးသေဆုံးကာရဲစခန်းအတွင်းကျန်ရှိသူတွေဟာ ထိုင်း-မြန်မာ နယ်စပ်ရှမ်းကုန်း နေရာကိုထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့မြို့ခံတွေကဆိုပါတယ်။

 ရဲစခန်းတိုက်ခိုက်ခံရလို့ နှစ်ဘက်တိုက်ပွဲဖြစ်နေချိန်အတွင်း စစ်ကောင်စီခမရ(၂၈၄)တပ်ရင်းက မြို့အတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ သီရိရတနာလမ်းကနေအိမ်သုံးလုံးလက်နက်ကြီးထိမှန်ပျက်စီးခဲ့ပြီး လူထိခိုက် မှုရှိမရှိမသိရသေးဘူးလို့ မြို့ခံတဦးကပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်နဲ့နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့ဝင်တွေက ဘုရားသုံးဆူမြို့အတွင်းအပြင်ကို အသွား အလာတင်းကျပ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ ဘုရားသုံးဆူ မြို့မှာပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက် ညပိုင်းကလည်း စစ် ကောင်စီ လက်အောက်ခံ ထွေအုပ်ရုံး၊ စရဖရုံး၊ လ.ဝ.က ရုံး နဲ့မြေစာရင်းရုံး စတာတွေကိုတော်လှန်ရေးပူးပေါင်းတပ် ဖွဲ့တွေ ကတပြိုင်တည်းစီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။